ဇွန်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သဖြင့် အရပ်သားပြည်သူများ ထိခိုက်မှုဆက်တိုက်ရှိနေ ကြောင်းဒေသခံများက ပြောသည်။
ဇွန်လ ၂၁ရက်နေ့တွင် ကော့ကရိတ်မြို့ ၏ တောင်ဘက်ပိုင်း ကမိုင်ကုန်းလမ်းဆုံ ဒေါနအလှ ရေကူးကန်နှင့် ပုလဲဖြူလူမှုကယ်ဆယ်ရေးရုံးရှေ့ရှိ သင်္ချိုင်းကုန်းနေရာ တိုက်ပွဲဖြစ် ပွားခဲ့ရာတွင် လှိုင်ဝအခြေစိုက် စစ်ကောင်စီတပ် ခလရ -၉၇ တပ်ရင်းမှ လှမ်းပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မြို့ပေါ်ရှိ ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှုဆက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
အမည်မဖော်လိုသူဒေသခံတစ်ဦးက “လက်နက်ကြီးအမြဲပစ်တယ်။ အမြဲတမ်းပစ်တော့ပြည်သူတွေကြာကြာတစ်ယောက်ထိတာပေါ့။ ပြည်သူတွေသွားလာလို့တောင်မရဲတော့ဘူး။ တစ်နေ့ကလည်း လက်နက်ကြီး ကြောင့်ထိခိုက်မှုရှိသေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဇွန်လ ၂၁ရက်နေ့တွင် ကော့ကရိတ်မြို့ပေါ် လက်နက် ကြီးကျရောက်မှုကြောင့် အရပ်သားပြည်ထိခိုက်မှုတွင် စစ်ကောင်စီတပ် ထောက်ခံသည့် ဆိုရှယ်မီဒီယာအချို့မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့မှ ပစ်ခတ်သည်ဟု ပြောဆိုထားသည်။
သို့သော် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း အဆိုပါလုပ်ဆောင်မှုသည် စစ်ကောင်စီ၏ လုပ်ရပ်သာဖြစ်ကြောင်း ပြောဆိုသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )ကျားဖြူစစ်ကြောင်းမှ ဗိုလ်ဆေးမှူးဘိခက “ကျနော်တို့က မြို့ထဲကိုတစ်ချက်မှ မပစ်ရဘူး။ ရေကူးကန်နဲ့ သင်္ချိုင်းကုန်းမှာပဲပစ်တယ်။ ဒီလိုလုပ်ရပ်က သူတို့(စစ်ကောင်စီ)ပဲလုပ်တယ်။ ကျနော်တို့ဘက်က မြို့ထဲကို တစ်လုံးမှ မပစ်ရဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ယခုဇွန်လအတွင်း ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးကာ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။



















