Home သတင်း KNU တပ်မဟာ (၅)တွင် ၁၅ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ ၄၅ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိ

KNU တပ်မဟာ (၅)တွင် ၁၅ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ ၄၅ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိ

1056
Photo-KNU-mutraw news

ဇွန်လ ၁၈ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များကို ဇွန်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၅ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့က သတင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲကြီးငယ်ပေါင်း ၇၁ ကြိမ်အထိ ဖြစ်ပွားခဲ့သည့် ၁၅ ရက်တာအတွင်း KNLA လက်အောက်ရှိ တပ်ရင်း တပ်ခွဲများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၄၅ ဦးအထိ သေဆုံးခဲ့ပြီးနောက် မြင်းလား ၅ ကောင်နှင့် စစ်သုံး မော်တော်ကား တစ်စီးလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်စဉ်များအတွင်း အထိအခိုက် အကျအဆုံးများရှိခဲ့သော်လည်း KNLA တပ် ဘက်မှလည်း ၄ ဦးသာ သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အပြင် စစ်ကောင်စီများက တိုက်ပွဲဖြစ်စဉ်နှင့် မသက်ဆိုင်သော နီးစပ်သည့် ကျေးရွာများနှင့် လူနေအိမ်အဆောက်အဦး၊ ဥယာဉ်ခြံမြေများအတွင်းသို့ လက်နက်ကြီး ၂၈ လုံးခန့် ပစ်ခတ်ခဲ့ပြီး နယ်မြေခံအရပ်သားတစ်ဦးသေဆုံးခဲ့ကာ နွားတစ်ကောင်လည်း ထိမှန်သေဆုံးခဲ့သည်ဟု ကေအဲန်ယူ၏ ဖော်ပြချက်အရ သိရှိရသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်−BGF တပ်များနှင့် KNLA ပူးပေါင်း တပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများအနေဖြင့်် လက်ရှိအချိန်ထိ စစ်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး မိုးတွင်းကာလ အရေးပေါ်ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း လည်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။