ဇွန်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီပြည်နယ်အစိုးရဖွဲ့စည်းပြီးနောက် ပြည်နယ်၏ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာ ရေးနှင့် ကျန်းမာရေးအစရှိသော ကအသီးသီးအတွက် ရှေ့ဆက်လုပ်ငန်းစဥ်များအရ ပိုမိုစနစ်ကျ အားကောင်းစွာ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေး ကောင်စီ -IEC ၏ ဒု-ဥက္ကဋ္ဌ ခူဘီထူးက ပြောသည်။
IEC နှင့် ပြည်နယ်အစိုးရအား ကရင်နီပြည်နယ်အုပ်ချုပ်ရေးအတွက် အစိုးရတစ်ရပ်ပေါ်ပေါက် လာ စေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ကြောင်း ယမန်နေ့ ဇွန်လ(၁၂)ရက်နေ့တွင် လူမှုကွန်ရက် စာမျက် နှာမှ တဆင့် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ထိုနေ့ညပိုင်းက အွန်လိုင်းဖြင့်ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် IEC ၏ ဒု-ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ပြည်နယ်၏ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များသည် ယခင်ကတည်းက အားကောင်းခဲ့သော်လည်း ပိုမိုစနစ်ကျနိုင်ရန် ပြည်နယ်အစိုးရတစ်ရပ်အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့်စုစည်းဆွေးနွေး ၍ ပြည်သူ့အကာအကွယ်ပေးရေးလုပ်ငန်းစဥ်များအား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မည်ဖြစ် သလို ပညာရေးကတွင်လည်း ဆရာ၊ ဆရာမများ ပိုမိုထောက်ပံ့နိုင်ရန်နှင့်အခြေခံပညာရေးမှ အဆင့်မြင့်ပညာရေးသို့ လူထုကြားရောက်ရှိအောင် ဖော်ဆောင်မည်ဖြစ်ကြောင်း ခူဘီထူးက ယခုလိုပြောသည်။
“ကာကွယ်ရေးပိုင်းမှာ လက်နက်တပ်ဆင်တဲ့ကိစ္စပဲဖြစ်ဖြစ် စစ်ရေးအသုံးစရိတ်အတွက်ပဲဖြစ်ဖြစ် ရရှိ လာတဲ့ရန်ပုံငွေတွေကို ပွင့်လင်းမြင်သာစွာနဲ့အသုံးချပြီး ပံ့ပိုးမှုတွေကို လုပ်ဆောင်သွားဖို့ရှိပါတယ်။ ပညာရေးပိုင်းမှာဆိုရင်လည်း ကျောင်းပေါင်း ၃၀၀ ရာကျော်နဲ့ ကျောင်းနေအရွယ်ကလေးပေါင်း ၃ သောင်းကျော်ရဲ့ပညာရေးကို ကျနော်တို့ ယခင်ကလုပ်ဆောင်ခဲ့တာရှိပေမယ့် ရှေ့လျှောက်ကျောင်း ဆရာ၊ ဆရာမတွေကိုရော ပညာရေးအတွက်ရော ပိုမိုပံ့ပိုးပေးသွားနိုင်ဖို့ တာဝန်ရှိပါတယ်။” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။
ထို့အပြင် တရားဥပဒေစိုးမိုးရေးအတွက် ယခင်ဖွဲ့စည်းပြီးသား ပြည်နယ်ရဲ ဌာနများ၏ ရှေ့လုပ်ငန်း စဥ်များကို အစိုးရအနေဖြင့် ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး စစ်ရှောင်များအတွက် အကူအညီရရှိ ရန်နှင့် စိုက်ပျိုးရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အောင်မြင်အောင်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
IEC ဖွဲ့စည်းရန် အမျိုးသားညီညွတ်ရေးအစိုးရ -NUG နှင့် ညှိနှိုင်း၍ အုပ်ချုပ်ရေးဆိုင်ရာ နည်း ဥပဒေများကို ရေးဆွဲခဲ့သလို ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လည်း ပြည်နယ် အစိုးရဖွဲ့ စည်းမှုရှိလာရန် ပုံဖော်နေမှုများရှိသည့်အတွက် သက်ဆိုင်ရာပြည်နယ်အစုအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း ညှိနှိုင်း၍ အုပ်ချုပ်ရေးယန္တရားကို အားကောင်းစွာ ဆောင်ရွက်နေ ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။
ဆက်လက်ပြီး IEC သည် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ -KSCC ၏ လုပ်ဆောင်ခဲ့ပြီးသား စီမံချက်များအောက်တွင်အခြေခံ၍ အစိုးရတစ်ရပ်အနေဖြင့်အားကောင်းလာစေရန် ဖွဲ့စည်းခြင်းဖြစ် သည်ဟု IEC ၏ ဒုအတွင်းရေးမှူး ဦးဗညားခွန်အောင်က တက်ရောက်လာသော မီဒီယာများ၏ မေးမြန်းချက်ကိုဖြေကြားထားသည်။
ဦးဗညားခွန်အောင်က “ကျနော်တို့အနေနဲ့အာမခံနိုင်တာကတော့ လေယာဥ်ရန်တင်မကဘူး၊ စားနပ် ရိက္ခာအတွက်သော်လည်းကောင်း၊ စစ်ကောင်စီရဲ့မြေပြင်ထိုးစစ်နဲ့လက်နက်ကြီးရန်တွေကနေ အတတ်နိုင်ဆုံး လူထုကိုကာကွယ်နိုင်အောင် စီမံဆောင်ရွက်သွားဖို့ရှိပါတယ်။” ဟု ပြောသည်။
လက်ရှိ IEC တွင် ပြည်သူလူထုနှင့်တော်လှန်ရေးအင်အားစု အများစုပါဝင်ပြီး ပြည်နယ်အစိုးရသို့ စုစည်း၍ ကျရာတာဝန်ထမ်းဆောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေသော အခြေအနေမျိုးဖြစ်ကြောင်း၊ ရှေ့လျှောက် အသွင်ကူးပြောင်းရေးအဆင့်သို့သွားသည့်အခါ တော်လှန်ရေးအင်အားစုအားလုံး အပါအ ဝင် အားလုံးပါဝင်သော အသွင်ကူးပြောင်းရေးသို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ကော်မတီဝင်များက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

အဆိုပါ အွန်လိုင်းသတင်းစာရှင်းလင်းပွဲသို့ ကော်မတီမှ တာဝန်ရှိသူများအပါအဝင် သတင်းမီဒီယာအသီးသီးမှတာဝန်ခံများ၊ လေ့လာသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းလူဦးရေတစ်ရာနီးပါး တက်ရောက်ခဲ့ကြပြီး မိနစ်လေးဆယ်နီးပါးကြာမြင့်ခဲ့သည်။
ထို့အတူ IEC ဖွဲ့စည်းတည်ထောင်ခြင်းအတွက် ဝမ်းသာကြိုဆိုကြောင်း၊ ကရင်နီပြည်နယ်နှင့် လူမျိုး အတွက် မျှော်မှန်းချက်များအား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က သဝဏ်လွှာ ပေးပို့ဂုဏ်ပြုခဲ့သလို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ -PNFC ကလည်း IEC ဖွဲ့ စည်းခြင်းနှင့် ပျက်စီးယိုယွင်းနေသော တိုင်းပြည်၏အပြောင်းအလဲအတွက် လုပ်ဆောင်သွားမည့်ဖော်ပြချက်ကို လက်ခံကြိုဆို၍ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဇွန်လ(၁၂)ရက် နေ့စွဲဖြင့် သဝဏ်လွှာပေးပို့ခဲ့သည်။



















