ဧပြီလ ၂၇ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် လျှပ်စစ်မီးအချိန်အတန်ကြာ ပြတ်တောက်နေဆဲ ဖြစ်သဖြင့် ရေခဲဈေးနှုန်း များ ယခင်ကထက် အဆမတန်မြင့်တက်နေကြာင်း ကော့ကရိတ်မြို့ခံများကပြောသည်။
ကော့ကရိတ်မြို့တွင် လျှပ်စစ်မီး ပြတ်တောက်ပြီးနောက်ပိုင်းတွင် ရေခဲကို ဖားအံမြို့နှင့် မွန်ပြည်နယ် မော်လမြိုင် မြို့တို့မှ ဝယ်ယူနေရပြီး လမ်းခရီး ကုန်ကျစရိတ်များသောကြောင့် ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်ကြောင်း ကော့ကရိတ် မြို့နေ ရေခဲရောင်းဝယ်သူတစ်ဦးက ယခုလိုပြောသည်။
“ကော့ကရိတ်မှာလျှပ်စစ်မီးမရတော့ ရေခဲစက်ရုံတွေပိတ်ထားရတယ်။ အခုက ရေခဲကို မော်လမြိုင်တို့ ဖားအံမြို့ တွေမှာ မှာယူနေရတယ်။ ကားခတွေ ဘာတွေ ကုန်ကျစရိတ်များတော့ ရေခဲဈေးလဲ တော်တော်မြင့် တက်သွား တယ်”ဟု ကေအိုင်စီသို့ပြောသည်။
ရာသီဥတု ပူပြင်းမှုကြောင့် ရေခဲ ဝယ်လိုအားမြင့်တက်နေချိန် အသားစိမ်း ငါးစိမ်း သိုလှောင်ထားရှိမှုအတွက် လည်း ရေခဲများ အသုံးပြုနေရသောကြောင့် ယခုလို ရေခဲ စျေးနှုန်းများ မြင့်တက်လာမှုကြောင့် အခက်အခဲ များရှိ လာကြောင်း အသား ငါးရောင်းဝယ်သူနှင့် အအေး ရောင်းဝယ်သူများကပြောသည်။
အသားငါးရောင်းဝယ်သူတစ်ဦးက”ရေခဲက ဈေးတော်တော်တက်သွားတယ်။ ကျနော်တို့က ရေခဲကိုအမြဲသုံး ရတာ။ ရေခဲမရှိရင်အသားငါးတွေကပုပ်ကုန်တယ်။ ဈေးတက်လဲဝယ်သုံးရတယ်။ တစ်ခါတစ်လေ ကော့ကရိတ် တစ်မြို့လုံးရေခဲပြတ်သွားတယ်။ ဈေးရောင်းရတာအခက်ခဲတော်တော်ဖြစ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

ယခင် ကော့ကရိတ်မြို့တွင် လျှပ်စစ်မီးရရှိ၍ ရေခဲစက်ရုံများ လည်ပတ်နိုင်ချိန်တွင် ပေါင်၄၀၀ အလေးချိန် ရေခဲ တစ်တုံး ကို (၈,၀၀၀) ကျပ် ဝန်းကျင်သာရှိပြီး လက်ရှိတွင် ပေါင် ၁၀၀ အလေးချိန်ရှိ ရေခဲ တစ်တုံးလျှင် (၇၀၀၀) ကျပ် မှ ကျပ်ငွေ (၁,၀၀၀၀) ကျော်အထိ ပေးဝယ်နေရပြီး စျေးနှုန်း သုံးဆခန့် မြင့်တက်သွားကြောင်း ဒေသခံ များက ပြောသည်။
အလားတူ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး မြို့နယ်များတွင်လည်း လျှပ်စစ်မီး ပြတ်တောက်နေပြီး ရေခဲဈေးနှုန်းများ အဆမတန်မြင့်တက်နေသလို ကျန် မြို့နယ်များတွင်လည်း လျှပ်စစ်မီးပုံမှန်မရရှိသဖြင့် ရေခဲဈေးနှုန်းများလည်း ယခင်ကထက် စျေးမြင့်တက် နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကော့ကရိတ်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် နယ်မြေခံ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကော့ကရိတ် မြို့အပါအဝင် မြဝတီကို သွယ်တန်းပြီး လျှပ်စစ်မီး ဖြန့်ဝေပေးနေသည့် Transformer များ တိုက်ခိုက် ဖျက်ဆီးခံ ထားရသလို ယနေ့အချိန်ထိ ပြန်လည် ပြုပြင်နိုင်ခြင်းမရှိသေးသောကြောင့် အဆိုပါ မြို့နယ်များတွင် လျှပ်စစ်မီး များ ပြတ်တောက်လျှက်ရှိသည်။



















