Home သတင်း စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မဲကနယ် ဒေသခံ ၁,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မဲကနယ် ဒေသခံ ၁,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရ

723
Photo: CJ

ဧပြီ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့ပြင် မဲကနယ်ကျေးနယ်အပိုင် ရွှေမြစန္ဒီကွက်သစ်၊ အတွင်းမဲကနယ် တုံးတံတား၊ ကွင်းကလေး ၊ ကျောက် တောင်ကျေးရွာများဘက်ကို မြ၀တီအခြေစိုက် ခမရ ၂၇၅ တပ်ရင်း၊ သင်္ဃန်းညီနောင် အမြှောက်တပ်မှတာဝေးပစ် လက်နက်ကြီးများဖြင့် မတ်လ ၂၅ ရက်မှ မတ်လ ၃၁ ရက်ညပိုင်းအထိ ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် ဒေသခံ ၁,၀၀၀ ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရကြောင်း သိရသည်။

မတ်လ ၂၅ ရက်က မြ၀တီကုန်သွယ်ရေးဇုန်၊ ၂၇၅ တပ်၊ သင်္ဃန်းညီနောင်ရဲစခန်းနေရာများအား ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အပြီး စစ်ကောင်စီ တပ်များဘက်မှ KNLA ပူးပေါင်းတပ်များစစ်ရေးလှုပ်ရှားနေရာများဟု သတ်မှတ်ကာ မဲကနယ်ကျေးနယ်အတွင်းရှိ ကျေးရွာများဘက် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် ဒေသတွင်းနေထိုင်သူများ လက်နက်ကြီး ပစ်ခတ်မှုလွတ်ရာနေရာများသို့ ရှောင်တိမ်းနေထိုင်နေကြရကြောင်း မဲကနယ် ကျေးရွာသား စစ်ဘေးရှောင် နေရသူက ယခုလို ပြောသည်။

“ကုန်သွယ်ရေးဇုန်မှာ ဖြစ်တဲ့နေ့ကတည်းက ၂၇၅ က လက်နက်ကြီးပစ်ထုတ်တာ နေ့တိုင်းပစ်နေတယ်။ မြစန္ဒီ ရပ်ကွက်မှာ အိမ်တွေပျက်တယ်။ လူတွေက မြို့ထဲပိုင်းကို ရှောင်ကြတော့မထိဘူး။ ကျန်ခဲ့တဲ့၀က်တွေ၊ ကြက်တွေ ထိတယ်။ အိမ်တွေထိတယ်။ မဲကနယ် ရွာဟောင်း၊ ကျောက်တောင်၊ အတွင်းကွင်းကလေး တောင်ခြေဘက်တွေ သင်္ဃန်းညီနောင်ဗျူဟာ အမြှောက်ကုန်းက ပစ်တယ်ဆိုတော့ ဘယ်သူမှမနေရဲကြတော့ဘူး။ တိုက်ပွဲတွေက ဆက် ပစ်နေကြအုန်းမယ်ဆိုရင်တော့ နေဖို့စားဖို့က မလွယ်ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

မြ၀တီ မြို့ပြင်ကျေးရွာများဘက်တွင် KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲကာလအတွင်း မြ၀တီအာရှလမ်းသစ်လမ်းပိုင်းနှင့် ကုန်သွယ်ရေးဇုန်နေရာများတွင် တိုက်ပွဲပစ်ခတ် နေမှုအခြေအနေပေါ်မူတည်၍ ကုန်စည်စီးဆင်းမှုနှင့် ရုံးလုပ်ငန်းလုပ်ကိုင်မှုတို့ ဆက်လက် လုပ်ဆောင် နေကြရကြောင်း စစ်ကောင်စီ၀န်ထမ်းများနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

“မြ၀တီကဇုန်ဘက်ရော အာရှလမ်းရောက ပစ်ခတ်တာ အခြေအနေပေါ် ကြည့်ပြီး ယာဉ်စစ်တာ အခွန် ဆောင်တာတွေတော့ ပြန်လုပ်နေတယ်၊ ပစ်သံခတ်သံကြားရင် ရှောင်ကြပေါ့။ ကုန်ကားတွေလည်းဒီ လိုပဲ လမ်းကြောင်းကို ဆိုင်ကယ်နဲ့ အရင်ကြည့် အခြေအနေမကောင်းရင် တဖြတ်နားပြီးစောင့်၊ အသံငြိမ်ရင် ဆက်ပြီး ဆင်းပေါ့ ။ ကျုံဒိုးအထိကတော့ အခြေအနေမအေးသေးဘူး။ အဖွဲ့တွေက နေရာစုံမှာ ရှိနေတယ်။”ဟု စစ်ကောင်စီ၀န်ထမ်းများနှင့် နီးစပ်သည့် ကုန်သည်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

လက်ရှိ အချိန်တွင် မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်ပတ်၀န်းကျင်ကျေးရွာများမှ ဒေသခံတစ်သောင်းကျော်ခန့် ဆက်လက် စစ်ဘေးရှောင်နေရသည့် အခြေအနေတွင်ဆက်ရှိနေပြီး စားသောက်စရာနေရာထိုင်ခင်းနှင့် ကျန်းမာ ရေး စောင့်ရှောက်မှုအရေးပေါ် လိုအပ်နေကြောင်း၊ ဒေသအတွင်းဖြတ်သန်းသွားလာမှုမပြုလုပ်ကြရန် KNLA ပူးပေါင်းတပ်များဘက်က ထုတ်ပြန်ထားသည့်အတွက်ဒေသအတွင်းသွားလာမှုပြတ်တောက်နေကြောင်း စစ်ဘေးရှောင်ကူညီသူများပြောစကားအရ သိရသည်။