အောက်တိုဘာ ၂ဝရက်၊ ၂၀၁၇ခုနှစ်။ စောရှား
ခေါင်းဆောင်မှုဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်ချသည့်နေရာများတွင် အမျိုးသမီးများ ပါဝင်မှု မြင့်တက်လာစေရန် ရည်ရွယ်၍ ဆွေးနွေးဖလှယ်ပွဲ (Women’ Leadership Dialogue)ကို ထိုင်း-မြန်မာနယ်စပ်၊ မယ်လဒုက္ခသည်စခန်း၏ ခန်းမဆောင်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲတွင် ဒုက္ခသည်စခန်းမှ အမျိုးသမီးများ အမြင်ကျယ်လာစေရန် လေ့လာရေး အစီအစဉ်များ၊ ကျန်းမာရေးပညာပေး လုပ်ငန်းများ၊ ကျား၊ မ တန်းတူရေးနှင့် ဦးဆောင်မှုအပိုင်းများ၌ ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ရန် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်ဟု ဆွေးနွေးပွဲတာဝန်ရှိသူများက အောက်တိုဘာလ ၂ဝရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ဆွေးနွေးပွဲ ဦးဆောင်စီစဉ်သူ နယ်စပ်အကူအညီပေးရေးညွန့်ပေါင်းအဖွဲ့ (TBC -The Border Consortium) မှ နော်ခုခု က ̏အမျိုးသမီးခေါင်းဆောင်တွေဟာ စီမံခန့်ခွဲမှုနဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပိုပြီးပါဝင်လာဖို့အပြင် စခန်းထဲမှာရှိနေကြတဲ့ တခြားအမျိုးသမီးတွေကိုလည်း အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့၊ မိမိကိုယ်မိမိ ယုံကြည်ဖို့နဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက် တတ်ဖို့အတွက် နည်းနာ၊ အကြံဉာဏ်၊ စိတ်ဓာတ်ခွန်အား မြှင့်တင်မှုတွေ လုပ်ဆောင်ပေးခဲ့တယ်˝ဟု ပြောသည်။
အောက်တိုဘာလ ၁၈ရက်နှင့် ၁၉ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲကို TBC နှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့က ဦးဆောင်ခဲ့ပြီး မယ်လဒုက္ခသည်စခန်းတွင် အခြေစိုက်သည့် အခြားသောတိုင်းရင်းသူအမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စခန်းသူများ စုစုပေါင်း လူဦးရေ ၆၀ကျော် အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြသည်။
မယ်လစခန်း KWO ဥက္ကဌ နော်ကိုးလို့ဝါးက ̏ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသွားတဲ့ အမျိုးသမီးခေါင်းဆောင်တွေရဲ့ ကျော်ဖြတ်ရင် ဆိုင်ခဲ့တဲ့ အတွေ့အကြုံ၊ ဆုံးဖြတ်ချက်ချမှုတွေဟာ ကျမတို့အတွက် အများကြီး ခွန်အား ဖြစ်စေပါတယ်။ အကြံဉာဏ်လည်း အများကြီးရလိုက်လို့ ရှေ့ဆက် အလုပ်လုပ်ဖို့ စိတ်ဓာတ်အင်အားတွေ၊ ယုံကြည်မှုတွေ ရှိလာပါတယ်˝ဟု ပြောသည်။
ယခုပြုလုပ်သော (Women’ Leadership Dialogue)သည် ပထမဆုံးအကြိမ်ဖြစ်ပြီး လာမည့်နှစ်တွင် ဆက်လက် ပြုလုပ်သွား မည်ဖြစ်ကြောင်း ဆွေးနွေးဖလှယ်ပွဲ တာဝန်ရှိသူများ၏ ပြောပြချက်များအရ သိရသည်။