(မောင်ကျော်စွာ)
(၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂ဝ ရက်)
“ပင်လုံစာချုပ်” ချုပ်ဆိုခဲ့ နှစ်ပေါင်း ၇ဝ ပြည့်မြောက်ခဲ့ပါပြီ။ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဘယ်သူမှ သက်ရှိထင်ရှားမရှိကြတော့ပါဘူး။ သူတို့လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြတဲ့ “ပင်လုံစာချုပ်” ကတော့ အခြေအနေသစ်၊ ရာစုသစ် မှာ အသက်ဝင် လှုပ်ရှားနေဆဲဖြစ်ပါတယ်။ “ပင်လုံစာချုပ်” စာချုပ်ကို မူတည်ပြီး “ပင်လုံစိတ်ဓာတ်ကိုင်စွဲရမယ်” လို့ ဆိုနေတဲ့ ဘက်ရှိသလို “ပင်လုံ ကတိကဝတ်ကို ဆက်လက်အကောင်အထည်ဖော်ရမယ်”လို့ ဆိုနေတဲ့ဘက်လည်း ရှိပါတယ်။ ဒီလိုဆွေး နွေးမှုတွေနဲ့ “ပင်လုံစာချုပ်” ဟာ ၂၁ ရာစုဖြစ်တဲ့ ယနေ့မျက်မှောက်ကာလမှာ အသက်ဝင်လှုပ်ရှားနေပါတယ်။
ဒါကြောင့် “ပင်လုံစာချုပ်” နဲ့ဆက်နွယ်ပြီး ဆွေးနွေးတင်ပြလိုပါတယ်။ ဆွေးနွေးမှုလွယ်ကူအောင် ၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပင်လုံကို “၂ဝရာစု ပင်လုံ” လို့ ရေးပါ့မယ်။ ဒီကနေ့ မျက်မှောက်ပြောဆိုနေကြတဲ့၊ ကျင်းပနေတဲ့ ပင်လုံကိုတော့ “၂၁ရာစုပင်လုံ” လို့ ၂၁ ရာစုနဲ့ ၂၁ ရာစုကို ခွဲခြားပြီး ရေးသားဆွေးနွေးသွားပါ့မယ်။
– ၂ဝ ရာစု ပင်လုံ
– ၂၁ ရာစု ပင်လုံ
“၂ဝ ရာစုပင်လုံ” ကို စတင်ပြီး ကြည့်ကြပါစို့။
ပထမအချက်က ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြတဲ့ ခေတ်သမိုင်းနောက်ခံကားဟာ အဂင်္လိပ်ကိုလိုနီ နယ်ချဲ့သမားက ကျွန်ပြုစိုးမိုး ထားတဲ့ အချိန်ကာလဖြစ်ပါတယ်။
ဒုတိယအချက်က “အောင်ဆန်း-အက်တလီစာချုပ်” ဖြစ်ပါတယ်။ ဒီစာချုပ်ကို ၁၉၄၇ ဇန်နဝါရလ ၂၇ရက်နေ့မှာ ချုပ်ဆိုခဲ့တာပါ။ ထိုစဉ်က အဂင်္လိပ်အစိုးရ ဝန်ကြီးချုပ် ကလီမင့်အက်တလီနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ချုပ်ဆိုခဲ့ကြတာပါ။ အက်တလီရဲ့ပါတီဟာ လေဘာပါတီဖြစ်ပါတယ်။ ဒီစာချုပ်မှာ ထိုစဉ်က ဝန်ကြီးတွေဖြစ်တဲ့ သခင်ဗစိန်နဲ့ ဦးစောတို့ ပါဝင်လက်မှတ်ထိုးခြင်း မရှိပါဘူး။
တတိယအချက်က “အောင်ဆန်း-အက်တလီစာချုပ်” အရ ဗမာပြည်မဟာ တနှစ်အတွင်း လွတ်လပ်ရေးရဖို့ သေချာနေပြီဆိုတဲ့ အချက်နဲ့ “အောင်ဆန်း-အက်တလီစာချုပ်” အပိုဒ် ၈၊ နယ်ခြားဒေသ ဆိုတဲ့ ခေါင်းစဉ်အောက်မှာဖော်ပြထားတဲ့ အချက်အလက် တွေအရ “အထူးကွန်ဖရင့်” တစ်ခုခေါ်ယူပြီး တောင်တန်းသားတွေရဲ့ ဆန္ဒသဘောထားကို စုံစမ်းရမယ်ဆိုတဲ့ အချက်အလက် လည်း အခိုင်အမာ ပါရှိနေပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ “ပင်လုံစာချုပ်” ပေါ်ပေါက်လာရတဲ့ ရေခံမြေခံ၊ အကြောင်းအရင်းခံ အချက်အ လက်တွေပဲ ဖြစ်ပါတယ်။
ဒီလို အချက်အလက်တွေအောက်မှာ “ပင်လုံစာချုပ်” ချုပ်ဆိုနိုင်ခဲ့ကြတာပါ။ ဒီလိုချုပ်ဆိုတာမှာ အရေးကြီးတဲ့ ပင်မအကြောင်း အချက် ၂ကို တင်ပြပါရစေ။
မကြာမီ ( တနှစ်အတွင်း) လွတ်လပ်ရေး ရရှိလာတော့မယ့် မြန်မာပြည်မနဲ့ အတူတွဲပြီး လွတ်လပ်ရေးယူလား/ မယူဘူးလား ဆိုတဲ့ အချက်။ အတူတွဲပြီး ယူကြမယ်လို့ သဘောတူညီခဲ့ကြတယ်။ ဒီအချက်က ပင်လုံစာချုပ်ရဲ့ ပထမဆုံးအချက်ဖြစ်ပြီး ကိုလို နီနယ်ချဲ့သမားရဲ့သွေးခွဲမှုကို တိုက်ဖျက်ပစ်လိုက်တဲ့ အဓိကအချက်ဖြစ်ပါတယ်။
ပြည်မနဲ့ အတူတွဲပြီးလွတ်လပ်ရေးယူခြင်းအားဖြင့် လွတ်လပ်ရေး ဆောလျင်စွာ ရရှိမယ်။
နောက်တစ်ချက်က အဂင်္လိပ်လက်အောက်ကနေ အတူလွတ်လပ်လာကြမယ့် ဗမာပြည်မနဲ့ တောင်တန်းသားတွေ တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ အခြေခံပေါ်မှာ ပြည်ထောင်စုသစ်ကို တည်ထောင်ကြမယ်ဆိုတာကို ပဋိဉာဉ်ပြုကြတဲ့ အချက်ပါပဲ။
ဒီအချက်ဟာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြတာ နှစ်ပေါင်း ၇ဝ ပြည့်သွားတယ် အကောင်အထည် မပေါ်ခဲ့ပါဘူး။
ဒါကြောင့် “ပင်လုံစာချုပ်”ကို ကျနော် လေ့လာနားလည်ထားသလို အနှစ်ချုပ်တင်ပြရရင်
(၁) ပြည်မနဲ့ အတူတွဲပြီး လွတ်လပ်ရေးယူမယ်။
(၂) အတူတကွ လွတ်လပ်လာမယ့် ဗမာပြည်မနဲ့တောင်တန်းသားတွေ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့် အဝရှိတဲ့ အခြေခံပေါ်မှာ ပြည်ထောင်စုသစ်ကို တည်ထောင်ကြမယ်။
ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြတာ နှစ်ပေါင်း ၇ဝ ပြည့်သွားတယ်၊ အမှတ် (၂) အချက်ဟာ ဒီကနေ့အထိ အကောင်အထည် ပေါ်မလာခဲ့ပါဘူး။
ဒီနေရာမှာ ပြည်မနဲ့ တောင်တန်းလို့ပြောနေရတာဟာ အဂင်္လိပ်ကိုလိုနီအစိုးရရဲ့ “၁၉၃၅ အက်ဥပဒေ”အရ ဖြစ်ပါတယ်။ ဒီဥပဒေ အရ အဂင်္လိပ်ကိုလိုနီအစိုးရက ဗမာပြည်ကို အုပ်ချုပ်ခဲ့တာပါ။ ဒါကလည်း တဆက်တည်းတော့ မဟုတ်ပါဘူး။ ဗမာပြည်မဟာ လည်း ပထမတုန်းက အိန္ဒိယနဲ့ပေါင်းပစ်ခဲ့ပြီး အိန္ဒိယရဲ့ပြည်နယ်တစ်ခုဘဝ ကျရောက်သွားခဲ့ရဖူးပါတယ်။ ထို့နောက် အိန္ဒိယမှ ပြန်လည်ခွဲထုတ်ခဲ့ပြန်ပါတယ်။ “၁၉၃၅ အက်ဥပဒေ”ကို “၉၁ ဌာနအုပ်ချုပ်ရေး” လို့လည်း သိကြပါတယ်။ ဒီဥပဒေဘောင်ထဲက နေ လွတ်လပ်ရေးကို အဂင်္လိပ်ကိုလိုနီအစိုးရက ပေးခဲ့တာပါ။
အောင်ဆန်း-အက်တလီစာချုပ်ဟာ ဒီဥပဒေဘောင်ကို အခြေခံထားတာဖြစ်ပါတယ်။ ဒီအချက်ကို မမေ့ဖို့ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီတုန်းက ပဒေသရာဇ်ရှမ်းပြည်နဲ့ တောင်းတန်းဒေသတွေဖြစ်တဲ့ ကချင်နဲ့ ချင်း စတဲ့ မြန်မာပြည်မကို အထက်ကနေ (မြောက် ဘက်ဖျား)မြင်းခွာသဏ္ဍာန်စွပ်ထားတဲ့ ကချင်၊ ချင်း၊ ရှမ်းဒေသတွေနဲ့ခွဲပြီး အုပ်ချုပ်ခဲ့တာဖြစ်သလို၊ မတတ်သာလို့ မြန်မာပြည်မကို လွတ်လပ်ရေး ပေးရတော့မယ်ဆိုတော့လည်း အဂင်္လိပ်ကိုလိုနီနယ်ချဲ့သမားက ပြည်မကို လွတ်လပ်ရေးပေးပြီး (ပြည်မကို မြင်း ခွာသဏ္ဍာန်စွပ်ထားတဲ့)တောင်တန်းဒေသတွေကို ချန်လှပ်ထားဖို့ ကြိုးစားခဲ့တာပါ။ သွေးခွဲမှိုင်းတိုက်ခဲ့ကြတာပါ။ ဒါကို ပင်လုံစာ ချုပ်က တိုက်ဖျက်ပစ်ရခဲ့တာပါပဲ။
ပြည်မနဲ့တောင်တန်း အတူတွဲပြီး လွတ်လပ်ရေးယူခြင်းအားဖြင့် အဂင်္လိပ်လက်အောက်က အမြန်လွတ်မြောက်နိုင်မယ်၊ သီးခြား စီ ယူမယ်ဆိုရင် မလွယ်ဘူး၊ ရှည်ကြာခက်ခဲမယ်၊ အဂင်္လိပ်ကျွန်ဘဝက အတူလွတ်လပ်လာကြမယ့် ပြည်မနဲ့ တောင်တန်းသား တွေ (ဗမာနဲ့ တိုင်းရင်းသားတွေ) အချင်းချင်း ညှိနှိုင်းကြမယ်ဆိုရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိပြီး တန်းတူတဲ့ ပြည် ထောင်စုကို တည်ထောင်နိုင်မယ် ဆိုတဲ့အချက်ကို ထိုစဉ်က အမြော်အမြင်ကြီးမားကြတဲ့ ရှမ်းလူငယ်နိုင်ငံရေးသမားတွေ၊ ရှမ်း ပြည်လူထုကို ကိုယ်စားပြုတဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်(ရပလ)ခေါင်းဆောင်တွေက ကောင်းကောင်းမြင်ကြတယ်။ မြင်တဲ့ အတိုင်းလည်း လက်တွေ့ဆောင်ရွက်ခဲ့ကြတယ်။ ပင်လုံစာချုပ်ဟာ သူတို့ အမြော်အမြင်၊ သူတို့လက်တွေ့ကြိုးပမ်းမှုနဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ခေါင်းဆောင်မှု ပေါင်းစပ်သွားတဲ့ အခြေခံပေါ်မှာ ပင်လုံစာချုပ်ဟာ လက်တွေ့အကောင်အထည် ပေါ်လာခဲ့တာ သာ ဖြစ်တယ်။ စော်ဘွားတွေရဲ့သဘောထားကသာ လွှမ်းမိုးနေမယ်ဆိုရင် ပင်လုံစာချုပ် ဖြစ်လာစရာမရှိဘူး။ အဲဒီတုန်းက ပဒေ သရာဇ်စော်ဘွားအများစုက အဂင်္လိပ်ကိုလိုနီနယ်ချဲ့သမားရဲ့ ဒိုမီနီယံ မှိုင်းမိနေကြတယ်။
ဒီမှိုင်းကို ရဲရဲရင့်ရင့် ထိုးဖောက်ပစ်ခဲ့ကြတဲ့၊ ပြည်မနဲ့ပူးတွဲပြီး လွတ်လပ်ရေးအရယူကြဖို့၊ လှုံ့ဆော်စည်းရုံးခဲ့ကြတဲ့ (ရပလ) ခေါင်း ဆောင်တွေကို ဗိုလ်ချုပ်အောင်ဆန်းကို လေးစားသလိုလေးစားကြရမယ်။ ဗိုလ်ချုပ်အောင်ဆန်းကို တန်ဖိုးထားသလိုပဲ တန်းတူ တန်ဖိုးထားကြရမယ်။
ဒါဟာ ကျနော်နားလည်သဘောပေါက်ထားတဲ့ ပင်လုံစာချုပ် ဖြစ်ပေါ်လာပုံ အနှစ်ချုပ်ဖြစ်ပါတယ်။
တနည်းအားဖြင့် “၂ဝ ရာစုပင်လုံ” အပေါ် ကျနော်လေ့လာနားလည်မှုဖြစ်ပါတယ်။ ကျနော်ရဲ့လေ့လာနားလည်မှုကို ပြန်လည် ဆွေးနွေးဝေဖန်ထောက်ပြမယ့် မည်သူရဲ့ ထောက်ပြဝေဖန်ဆွေးနွေးမှုကိုမဆို လေးလေးစားစား ကြိုဆိုပါတယ်။
“၂ဝ ရာစု ပင်လုံ” ကို လေ့လာခဲ့တဲ့ ဖော်ပြပါ အချက်အလက်များအပေါ် မူတည်ပြီး “၂၁ ရာစုပင်လုံ”ကို နှိုင်းယှဉ်သုံးသပ်ပါ့မယ်။
“၂၁ ရာစု ပင်လုံ”
ပထမအချက် ခေတ်သမိုင်းကာလ နောက်ခံအခင်းအကျင်းက “၂ဝ ရာစုပင်လုံ”နဲ့ လုံးဝခြားနားပါတယ်။ မျက်မှောက်အ ခင်းအကျင်းက (နဝတ-နအဖ) စစ်အုပ်စုက စိတ်ကြိုက်ရေးပြီး၊ အဓမ္မအတည်ပြုထားတဲ့ “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂ဝရာစုပင်လုံနဲ့ ကွဲပြားခြားနားနေတဲ့ အချက်တစ်ခုက “၂၁ ရာစု ပင်လုံ”ကို တက်ရောက်ဖို့အတွက် မည်သည့်အဖွဲ့ အစည်းမဆို (NCA) စာချုပ်မှာ မဖြစ်မနေ လက်မှတ်ရေးထိုးရမယ်ဆိုတဲ့ အချက်ဖြစ်တယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် (ဗိုလ်ချုပ်အောင်ဆန်းသမီး)ဒေါ်အောင်ဆန်းစုကြည်က ပင်လုံမြို့မှာကျင်းပတဲ့ “ပင်လုံစာချုပ်” နှစ် ၇ဝပြည့်အခမ်းအနားမှာ “(NCA) စာချုပ်ကို သတိ္တရှိရှိ လက်မှတ်ထိုး”ဖို့ တိုက်တွန်းနေပါတယ်။ ဆော်ဩနေပါတယ်။ ထို့အတူ စစ်တပ် “ကာချုပ်”ကလည်း “တပ်မတော်အနေနဲ့ NCA လက်မှတ်ရေးထိုးထားရှိမှု အခြေအနေများကို ယုတ်လျော့ပျက်စီးစေ မယ့်ကိစ္စရပ်အား လက်ခံမည်မဟုတ် ပိုမိုတိုးတက်မှုများရရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်”လို့ ဖေဖေါ်ဝါရီလ ၁၇ရက် နေ့ က နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မာစတာ Yohei SASAKAWA နဲ့တွေ့ဆုံရာမှာ ထည့်ပြောသွားပါတယ်။
ကာချုပ်ပြောကြားချက်က ပထမဦးစွာ ဒီချုပ်ပါတီအစိုးရကို “ဟန့်”လိုက်တာဖြစ်ပါတယ်။ (NCA) လက်မှတ်မထိုးတဲ့ ဘယ်အဖွဲ့ အစည်း၊ ဘယ်သူ့ကိုမဆို ဘယ်လိုပုံစံနဲ့မှ တက်ရောက်ခွင့်မပေးရလို့ “ဟန့်”လိုက်တာလို့ ယူဆပါတယ်။ ဒုတိယအချက်က “ယုတ်လျော့ပျက်စီးစေမယ့် ကိစ္စလက်မခံ”လို့ပြောတာက NCA မူအတိုင်းသာ တိတိကျကျသွားရမယ်လို့ ထပ်ပြီးဝက်အူရစ်တင်း လိုက်တာဖြစ်ပါတယ်။ [(UNFC)ကလည်း “လေ့လာသူအဖြစ်” ဖိတ်ကြားရင် ၂၁ ရာစုပင်လုံကို တက်မှာမဟုတ်ဘူးလို့ ပြောထား တာလည်း ရှိတယ်]
ဒါကြောင့် “၂ဝ ရာစု ပင်လုံ” နဲ့ “၂၁ရာစု ပင်လုံ” ရဲ့ မတူကွဲပြားမှုတွေကို ပြောပြရမယ်၊ ရေးပြရမယ်ဆိုရင် အများကြီးရှိပါတယ်။
တချို့က သကေင်္တသဘော အခုလို ပြောကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက “၂ဝရာစုပင်လုံ” ဦးစီးခဲ့တယ်။ ဗိုလ်ချုပ်သမီးက “၂၁ရာစုပင်လုံ” ကို ကြီးမှူးနေတယ်။ ဟုတ်ကဲ့။ ဖခင်နဲ့ သမီးဆိုတဲ့ရှုဒေါင့်ကနေပြောရင်၊ ကြားဖြတ်အစိုးရအာဏာရထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲအရ အာဏာရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ (အာဏာ မဟုတ် တာဝန်လို့ ပြောကြပါတယ်) အာဏာရဲ့အာနိသင်ချင်း မတူညီပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းရရှိထားတဲ့ ၁၉၃၅ အက်ဥပဒေထဲက အာနိသင်မျိုး၊ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲက အာဏာရရှိထား တဲ့ အာနိသင်ချင်း မတူပါဘူး။ ခြားနားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမှာ ဘာလုပ်လုပ် အရိပ်တကြည့်ကြည့်နဲ့ လှည့်ကြည့်စရာ “ကာချုပ်” မရှိဘူး။ ကြားဖြတ်အစိုးရအာဏာအရ “ကာကွယ်ရေးဌာန”ကိုပါ ကိုင်တွယ်ခွင့်ရရှိထားတာဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်မှာတော့ “တပ်မတော်အနေနဲ့ NCA လက်မှတ်ရေးထိုးထားရှိမှု အခြေအနေများကို ယုတ်လျော့ပျက်စီး စေမယ့် ကိစ္စရပ်အား လက်ခံမည်မဟုတ်” လို့ ဟန့်တား၊ သတိပေးနေတဲ့ “ကာချုပ်” ရှိနေတယ်မဟုတ်လား။
ဒါ့အပြင် မတူခြားနားမှု နောက်တစ်ခုက ဟိုတုန်းကလို တိုင်းရင်းသားဆိုတာက (ရှမ်း၊ ကချင်၊ ချင်း)ပဲ မဟုတ်ပါဘူး။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဝ စသဖြင့် တိုင်းရင်းသားတွေဟာ လက်နက်ကိုင်တပ်ဖွဲ့၊ နိုင်ငံရေးပါတီ ကိုယ်စီ ကိုယ်ငှနဲ့ နိုးကြားနေတယ်မဟုတ်လား။ “ပြည်နယ်” တောင်းဆိုသူ၊ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” တောင်းဆိုနေသူတွေ ရှိနေပါ တယ်။
ဒါ့ကြောင့် “၂၁ ရာစုပင်လုံ” ရဲ့ အဓိကတာဝန်ဟာ တခြားဘာဘာညာညာကိစ္စတွေ မဟုတ်ဘဲ “၂ဝရာစု ပင်လုံ”မှာ ပျက်ကွက်ခဲ့ တဲ့ နှစ်ပေါင်း ၇ဝကြာ အကောင်အထည်မဖော်နိုင်ခဲ့သေးတဲ့ “ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ အခြေခံပေါ်မှာ ပြည်ထောင်စုသစ်ကို တည်ထောင်ကြမယ်” ဆိုတဲ့အချက်ကို ဆက်လက်ပြီး၊ ပြီးပြည့်စုံအောင်လုပ်ကြဖို့သာ ဖြစ်ရပါလိမ့်မယ်။
ဒီအချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်တယ်ဆိုတာဟာ အခုဘက်နှစ်ဖက်ကနေ အပြန်အလှန် ရည်ညွန်းပြော ဆိုနေကြတဲ့ “ပင်လုံစိတ်ဓာတ်ကိုင်စွဲရမယ်” ဆိုတဲ့အချက်နဲ့ “ပင်လုံကတိကဝတ်ကို ဆက်လက်အကောင်အထည်ဖော်ရမယ်” ဆိုတဲ့ အချက် ၂ချက်ကို တပေါင်းတစည်းထဲ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ် ဖြစ်နေလို့ပါပဲ။
ဒီလို ဘာကြောင့်ပြောရသလဲဆိုတော့ ၂ဝရာစုပင်လုံ သမိုင်းကို အမွေဆက်ခံထားတယ်ဆိုရင် မပြီးဆုံးသေးတဲ့ ပြည်ထောင်စု ပန်းချီ ကားချပ်ကြီးကို အသက်ဝင်အောင်၊ ပိုမိုပြည့်စုံအောင် ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်ကြဖို့ပဲ မဟုတ်ပါလား။
“၂ဝ ရာစုပင်လုံ” ကာလတုန်းက ဗိုလ်ချုပ်အောင်ဆန်းမှာ “တောင်တန်းပြည်မ” ပူးပေါင်းဖို့အတွက် အားစိုက်ခွန်စိုက်ကြိုးပမ်း ခဲ့ကြတဲ့၊ စည်းရုံးလှုပ်ရှားခဲ့ကြတဲ့(ရပလ)အဖွဲ့ကြီး ရှိတယ်။ “တိုင်းရင်းသားလက်နက်ကိုင်အင်အားစု”တွေဘက်မှာရော၊ “တရား ဝင်နိုင်ငံရေးပါတီတွေ”ဘက်မှာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “၂၁ရာစုပင်လုံ”အတွက် (ရပလ)လို အဖွဲ့အစည်းမျိုး ရှိနေပါရဲ့ လား။ ဒီအချက်ကလည်း “၂ဝ ရာစုပင်လုံနဲ့ ၂၁ရာစုပင်လုံ”အကြား ခြားနားနေတဲ့ နောက်ထပ် အချက်အလက်တစ်ခုပဲ ဖြစ်ပါ တယ်။
“ပင်လုံစာချုပ် (ဝါ) ၂ဝ ရာစုပင်လုံ” ဖြတ်သန်းလာခဲ့ရတဲ့ နှစ် ၇ဝ ခရီးမှာ ၁၉၄၇ အခြေခံဥပဒေ ပျက်သုဉ်းခဲ့ပြီ။ (ဒါလည်း Unitary တစ်ပြည်ထောင်ဥပဒေပဲ) ၁၉၇၄ အခြေခံဥပဒေ (တပါတီအာဏာရှင်စနစ်ဥပဒေ)လည်း ပြန်မလာစတမ်း ပျက်စီးသွားခဲ့ ပြီ။ အဲဒီလို နှစ်ပေါင်း ၇ဝအတွင်းမှာ အုပ်စိုးခဲ့ကြတဲ့ အုပ်စိုးသူအဆက်ဆက်ဟာ တစ်ဖက်က အတုအယောင် “ပြည်ထောင်စု” ဆိုတဲ့ စကားလုံးသက်သက်နဲ့ လှည့်စားချော့မြှူခဲ့ကြပြီး၊ အခြားတစ်ဖက်မှာတော့ “ဖက်ဒရယ်တစ္ဆေ”နဲ့ ခြောက်လှန့်ခဲ့ကြပါတယ်။ ဒီလို လှည့်စားခြောက်လှန့်မှုကို လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်မှုဆိုတာနဲ့ အပြန်အလှန် ပေါင်းစပ်ခဲ့ကြတဲ့အခါမှာ မဆုံးနိုင်တဲ့ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ရှည်ကြာလာခဲ့ရတော့တာပါပဲ။ လက်နက်ကိုင်အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ တိုးများ လာခဲ့ရတော့တာပါပဲ။
ဒီလိုသမိုင်းနောက်ခံ အခြေအနေတွေကို ဖြတ်သန်းခဲ့ကြရတဲ့ အနေအထားအောက်မှာ “ကိုယ့်ရဲ့စွမ်းရည်အပေါ်မှာ ယုံကြည် ချက် မရှိကြဘူးလား၊ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စွာနဲ့ (NCA)ကိုလက်မှတ်ထိုးလိုက်ပါ”လို့ တိုက်တွန်းနေတာကို ဒီလို ပြောဆိုခဲ့သူ ကိုယ်တိုင်က တဖန်ပြန်ပြီး လေးလေးနက်နက် ဆန်းစစ်ဖို့ လိုအပ်လိမ့်မယ်လို့ မြင်မိပါတယ်။
ညွန်း
– ဦးထွန်းမြင့် (တောင်ကြီး) – ရှမ်းနိုင်ငံရေးသမားတစ်ဦး၏ သဲတစ်ပွင့် အုတ်တစ်ချပ် (နိုင်ငံရေးအတွ့အကြုံများ) လောကသစ်စာပေ၊ (ပထမအကြိမ်၊ ၂၀၁၆ ၊ ဩဂုတ်)
– မြင့်သိန်း (ရန်ကုန်တက္ကသိုလ်) – ပြောင်းလဲလာသော မြန်မာနိုင်ငံအုပ်ချုပ်စနစ်များ၊ စိတ်ကူးချိုချို (ပထမအကြိမ် ၂၀၀၆၊ ဖေဖေါ် ဝါရီ)
– ဒေါ်အောင်ဆန်းစုကြည် – နှစ် ၇ဝပြည့် ပြည်ထောင်စုနေ့ မိန့်ခွန်း (၁၂-၂-၂၀၁၇) ကြေးမုံသတင်းစာ
– မြဝတီသတင်းစာ (၁၈-၂-၂၀၁၇)