Home သတင်း ALP တပ်ဖွဲ့ဝင်ထံမှ လက်နက် ၁၉လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိဟု ပြည်နယ်ရဲတပ်ဖွဲ့‌ပြော

ALP တပ်ဖွဲ့ဝင်ထံမှ လက်နက် ၁၉လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိဟု ပြည်နယ်ရဲတပ်ဖွဲ့‌ပြော

2831

ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ ဖားအံမြို့ ‌တောင်က‌လေးရပ်၊ ဖားအံမြို့ဝင်‌ကြေးဂိတ်တွင် ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ ALP အဖွဲ့ဝင်များ ထံမှ AK 47 အမျိုးအစား ‌သေနတ် ၁၉လက်အတူ ဆက်စပ်ပစ္စည်းများကို ဒီဇင်ဘာ ၉ရက်‌နေ့က ပြည်နယ်တွင်း မူးယစ်အထူးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ဟု ပြည်နယ်ရဲတပ်ဖွဲ့က ‌ပြောသည်။

လှိုင်းဘွဲမှ ဖားအံဘက်သို့ ‌မောင်းနှင်လာ‌သော 2/G 9598 ပါဂျဲရိုး ကားအား ဖားအံမြို့ လှာကမြင် ‌ကျေးရွာ ‌တောင်က ‌လေးအကျဉ်း‌ထောင်အနီး ဖားအံ-လှိုင်းဘွဲမြို့ ဝင်‌ကြေး ‌ကောက်ခံဂိတ်တွင် မူးယစ်တပ်စု(၃၁) အဖွဲ့မှ စစ်‌ဆေးခဲ့စဉ် ကား ‌ပေါ်တွင် ပါလာသူ ၃ဦးနှင့်အတူ ယခုလို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်မူးယစ် တပ်စု (၃၁) မှဒုရဲမှူး ထွန်းထွန်းဦးက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ဒီဂိတ်က‌နေ ပြည်နယ်ထဲက ဖြတ်သွား‌နေတဲ့ မူးယစ်‌ဆေးဝါး ဝင်‌ရောက်နိုင်တဲ့ လမ်း‌ကြောင်း ‌တွေကို ပိတ်ဆို့ ရှာ‌ဖွေစဉ်မှာပဲ ဒီကားမှာပါတဲ့ လက်နက်ခဲယမ်း သယ်‌ဆောင်လာတဲ့ ယာဉ်ကို ဖမ်းမိတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယာဉ်‌ပေါ်ပါလာသူများမှာ ALP/ALA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီးအဆင့်ရှိ ခိုင်မိုးချမ်း(ခ) ‌မောင်သာမြင့် ၊ ALPပါတီ စီးပွား‌ရေး တာဝန်ခံ ခိုင်သန်းဦးနှင့် ယာဉ်‌မောင်းသူ သန်းနိုင်(ခ)ချစ်‌ကောင်း (မြဝတီမြို့ ‌နေထိုင်သူ)တို့ဖြစ်ကြပြီး ၎င်းတို့နှင့်အတူ AK 47အမျိုးအစား ‌သေနတ် ၁၉လက်၊ ၎င်းကျည်ဆံ ၃၀၀‌တောင့်‌ကျော်၊ မြန်မာကျပ်‌ငွေ သိန်း ၆၀၊ လမ်း‌လျှောက် စကား‌ပြောစက် တိုင် ၄‌ချောင်းနှင့် မိုဘိုင်းဖုန်း ၃လုံးတို့ကို ဖမ်းဆီးမိခြင်းဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ‌ပြောသည်။

ဖမ်းဆီးရမိသူ ခိုင်မိုးချမ်း(ခ) ‌မောင်သာမြင့် ထွက်ဆိုချက်အရ ၎င်းတို့အဖွဲ့သည် မြဝတီ-မဲ‌ဆောက်သို့ ဒီဇင်ဘာ ၇ရက်တွင် ‌ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၈ရက်တွင် မြဝတီ-လှိုင်းဘွဲမှတစ်ဆင့် ‌လော်ခီးလာရှိ ရခိုင်အဖွဲ့ထံမှ လက်နက်များ သယ်‌ဆောင် ကာ ရခိုင်ပြည်နယ်သို့ ပို့‌ဆောင်ရန် သယ်ယူလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်‌ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိ သူများ၏ ‌ပြောပြချက်အရ သိရသည်။

ထိုသို့ လက်နက်များဖမ်းဆီးရမိမှုသည် ယခင်က မူးယစ်‌ဆေးဝါး သယ်‌ဆောင်‌ရောင်းဝယ်သူများထံမှ လက်နက် ခဲယမ်းအချို့ နှင့်မူးယစ်‌ဆေးဝါးများတွဲလျှက် ဖမ်းဆီးမိခြင်းများဖြစ်‌သော်လည်း ယခုလက်နက်ခဲယမ်း ဖမ်းဆီးရမိမှုမှာ ‌ဒေသတွင်း ပထမအကြိမ်နှင့် အများဆုံးဖမ်းဆီးရရှိမူဖြစ်သည်။

အဆိုပါ လက်နက်ခဲယမ်းသယ်‌ဆောင် ၃ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုကို ဒုရဲမှူးထွန်းထွန်းဦးက တရားလို ပြုလုပ်၍ အမှုဖွင့်တိုင်ကြားပြီး ဖားအံမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်‌မောင်ဦးက ပ/၇၃၃/၂၀၁၆ ၁၉-က ဖြင့် အမှုဖွင့်ကာ ဦး‌ဆောင်စစ်‌ဆေး သွားမည်ဖြစ်‌ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည် လွတ်‌မြောက်‌ရေးပါတီ(ALP)ကို ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်း၍ မရရှိ‌ပေ။