ဖေဖော်ဝါရီ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ (နန်းဝေဖြိုးဇာ၊ ကဆောဝါး)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရေလယ်ကုန်းကျေးရွာမှ ရွာခံအမျိုးသားနှစ်ဦး ဖေဖော်ဝါရီ ၂၅ရက်(ယနေ့) နံနက်ပိုင်းက ကျားကိုက်ခံရပြီးနောက် ယင်းကျားကို အသေဖမ်းမိခဲ့သည်ဟု ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန၏ ဒု-အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။
အရှည် ၇ပေရှိသော အဆိုပါကျားမှာ အသက် ၅၁နှစ်အရွယ် စောချက်ပြူး (ခ) ထိပ်ဖြူကို နံနက် ၄နာရီကျော်တွင်လည်းကောင်း၊ အသက် ၁၈နှစ်အရွယ် စောအောင်ကိုလေးကို နံနက် ၇နာရီတွင်လည်းကောင်း ကိုက်ခဲ့ပြီးနောက်ပိုင်း နယ်မြေရဲတပ်ဖွဲ့နှင့် BGF နယ်ခြားစောင့်တပ်(၁၀၁၆)တပ်ရင်းတို့က လိုက်လံပစ်ခတ်သဖြင့် နေ့လည် ၁၁နာရီခွဲခန့်တွင် ရေလယ်ကုန်းကျေးရွာနှင့် ၂ဖာလုံ ခန့်အကွာ သခွားခြံအရပ်တွင် အသေဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စအပေါ် ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန၏ ဒု-အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က “ကျားကိုက်ခံရတဲ့ နှစ်ဦးက အင်းထဲကို ငါးဖမ်းပိုက်ဖြုတ်သိမ်းချိန်နေစဉ် အကိုက်ခံရတာဖြစ်တာလို့ ကျနော်တို့ သိရတယ်။ အဲဒီကျားကိုတော့ အသေဖမ်းမိပြီ။”ဟု ကေအိုင်စီသို့ ပြောသည်။
ကျားကိုက်ခံရသည့် ရေလယ်ကုန်းကျေးရွာသားနှစ်ဦးသည် ၎င်းတို့၏ ခါးနောက်ကျောတွင် ကျားကိုက်ခံရပြီး လတ်တလောတွင် ၎င်းတို့မှာ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူလျှက်ရှိသည်။
ထို့အပြင် လက်ရှိ အသေဖမ်းဆီးရမိသော ကျားကို ရေလယ်ကုန်းကျေးရွာ ဘောလုံးကွင်းတွင် ပြသထားကာ လာရောက်ကြည့်ရှု သူ များပြားလျှက်ရှိကြောင်းနှင့် ယင်းကျားကို BGF ၁၀၁၆ တပ်ရင်းမှ စောချစ်မိုးနှင့်အဖွဲ့က စကခ(၁၂)သို့ ပို့ဆောင်အပ်နှံသွား မည်ဖြစ်ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်၊ ရေလယ်ကုန်းကျေးရွာသည် လှှိုင်ဝအင်းနှင် ချုံပုတ်တော အနည်းငယ် ပတ်ပတ်လည် ဝိုင်းရံလျှက်ရှိပြီး ၎င်း ရွာအနီးတဝိုက်တွင် ယခင်က ယခုကဲ့သို့ ကျားကိုက်ခံရမှုများ မရှိခဲ့ဖူးကြောင်း သိရသည်။