(မောင်ကျော်စွာ)
(၂၀၁၆ ဇန်နဝါရီ ၁၃)
ပေါ်ထွက်လာတော့မယ့် အစိုးရနဲ့ လွှတ်တော်အဖွဲ့ဝင်များဟာ ယခင့်ယခင် အစိုးရ၊ လွှတ်တော်ဆိုတာတွေနဲ့ အောက်ပါအချက် ၄ ချက်မှာ အထင်အရှား ကွဲပြားခြားနားနေပါတယ်။
၁။ တော်လှန်ရေးကောင်စီ၊ (မဆလ) ၊ (နဝတ-နအဖ) စစ်အစိုးရအဆက်ဆက်ရဲ့ အာဏာအမွေစားအမွေခံတွေ မဟုတ်ဘူး။
၂။ သူတို့ရဲ့“လက်” တွေဟာ ပြည်သူတွေရဲ့သွေးတွေ၊ ချွေး စွန်းထင်းနေခြင်း မရှိဘူး။
၃။ ပြည်သူပိုင်/တိုင်းပြည်ပိုင်ပစ္စည်းတွေကို အဓမ္မ သိမ်းပိုက် လုယက်ပြီး ကြွယ်ဝချမ်းသာနေသူတွေ မဟုတ်ဘူး။
၄။ ပြည်သူတွေက အနူးအညွှတ် ရွေးချယ်ပေးလိုက်သူတွေ ဖြစ်တယ်။
ဒီလို မူလဘူတ ကွဲပြားခြားနားနေတဲ့ အချက်အလက်တွေကြောင့် တိုင်းပြည်နဲ့ ပြည်သူ့အကျိုးကို ဖော်ဆောင်ရာမှာလည်း လက် တွေ့ကျကျ ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုမျှော်လင့်တာနဲ့ တပြိုင်နက်ထဲမှာ တစ်ဖက်ကလည်း တည်ရှိနေ တဲ့ “၂၀၀၈ အခြေခံဥပဒေနဲ့ စစ်ဗျူရိုကရေစီယန္တရားကြီး” တည်ရှိနေတဲ့ ပကတိအနေအထားကို မေ့ပစ်လို့ မဖြစ်ပါဘူး။
အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို မျှော်ကြည့်မိပါတယ်။
အုပ်စိုးသူအစိုးရအဆက်ဆက်က “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”ဆိုတာကို “ပရိယာယ်ဝေဝုစ်” အဖြစ် “ချေမှုန်းရေးသတ်ကွင်း” အဖြစ် သာ အသုံးချခဲ့ကြတာပါ။ ၁၉၄၈ကနေ ယနေ့ (၂၀၁၆)အထိ တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေး မရှိခဲ့ပါဘူး။ သေနတ်သံ/မိုင်းသံ မမြည်ဟီးတဲ့ နေ့ရက်ရယ်လို့များ ရှိခဲ့ဖူးပါသလား။
ပြည်ထောင်စုညီလာခံကြီးကျင်းပမယ်လို့ လေတစ်လုံး မိုးတစ်လုံးပြောဆိုနေချိန်မှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည် နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်ဘေးအန္တရာယ်ကနေ လွတ်ရာကို ပြည်သူတွေ ထွက်ပြေးခိုလှုံနေကြရပါတယ်။ ပြည်သူတချို့ စစ်တပ်က ပေါ်တာဆွဲတာ ခံနေရပါတယ်။ ဒီလိုဖြစ်စဉ်တွေ၊ ဖြစ်ရပ်တွေကို လျစ်လျူရှုပြီး “ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ” ဆိုတာကို မျက်နှာပြောင်တိုက်ပြီး မပြုလုပ်သင့်ပါဘူး။
ဒီနိုင်ငံဒီတိုင်းပြည်မှာ “ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေး” ဆိုတာ စကားလုံးအရ၊ ဝေါဟာရအရပဲ ရှိတာပါ။ တကယ့်လက်တွေ့မှာ ဘယ်နေရာ၊ ဘယ်ဒေသမှာမှ မရှိပါဘူး။
“ပြည်ထောင်စု” ဆိုတဲ့ ဝေါဟာရကို ရေးသားပြောဆိုနေကြသော်လည်း လက်တွေ့အားဖြင့် “ပြည်ထောင်စု”သည် ယနေ့အချိန် အထိ မြန်မာနိုင်ငံ၌ တည်ရှိနေသည် မဟုတ်ပါ။ “ပြည်ထောင်စု” ဆိုသည်မှာ အကောင်အထည်မဲ့ပြောဆိုနေကြတဲ့ စကားလုံး တစ်လုံးမျှသာ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ “ပြည်ထောင်စု” ဆိုသည်မှာ အနှစ်သာရအားဖြင့် မတည်ရှိခဲ့သလို လက်တွေ့အားဖြင့် လည်း မတည်ရှိခဲ့ပါ။
တစ်ချိန်က “ပြည်နယ်” မရှိခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေကို “ပြည်နယ်” ဆိုပြီး ဖွဲ့စည်းပေးခဲ့ပေမယ့် “ပြည်ထောင်စု”ဟာ တကယ် မဖြစ်ပေါ်ခဲ့ပါ။ အချိုသပ်၊ ချွေးသိပ်ခြင်းမျှသာ ဖြစ်ပါတယ်။ ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေ၊ ၂၀၀၈ အခြေ ခံဥပဒေတို့မှာပါတဲ့ “ ပြည်ထောင်စု” ဆိုတာဟာ စကားလုံးသက်သက်မျှသာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် အာဏာရယူခဲ့ကြတဲ့ အစိုးရအဆက်ဆက်ဟာ “ပင်လုံ”မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူချမှတ်ခဲ့ကြတဲ့ “ပင်လုံမူတွေ”အတိုင်း “ပြည်ထောင်စု”ကို ပုံဖော်တည်ဆောက်ခဲ့ကြ ခြင်း မဟုတ်ပါ။ ဒါ့အပြင် ၁၉၄၇ အခြေခံဥပဒေကာလမှာ တိုင်းရင်းသားတွေက ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းပေးဖို့ တောင်းဆိုခဲ့ ကြတာကလည်း ဥပဒေမဲ့တောင်းဆိုခဲ့ကြတာ မဟုတ်ပါ။ တည်ဆဲဥပဒေဘောင်ထဲကနေ တောင်းဆိုခဲ့ကြခြင်းဖြစ်ပါတယ်။
ဒီလိုနဲ့ ဒီမိုကရေစီကလည်း ကင်းမဲ့သထက်ကင်းမဲ့၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိလေတော့ ပြည်တွင်းစစ်ရဲ့ အရှိန်အဟုန် ဟာ မြင့်မားသထက် မြင့်မားလာခဲ့သလို ပိုမိုပြီးတော့လည်း ကျယ်ပြန့်လာခဲ့ပါတယ်။ သက်တမ်းအားဖြင့်လည်း ရှည်ကြာလာခဲ့ပါ တော့တယ်။ တိုင်းပြည်နဲ့ပြည်သူတွေရဲ့နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားစတဲ့ နယ်ပယ်ပေါင်းစုံ အဆင့် အတန်းဟာ အိမ်နီးချင်းနိုင်ငံတွေအကြားမှာ၊ ဒေသတွင်းနိုင်ငံတွေအကြားမှာ၊ နိုင်ငံတကာ အသိုင်းအဝိုင်းအကြားမှာ ကြာလေနိမ့် ပါးလေ ဖြစ်ခဲ့ရပါတော့တယ်။ အုပ်စိုးသူတွေကတော့ အဆင်းရဲဆုံးနိုင်ငံမှာ အချမ်းသာဆုံး သူဌေးသူကြွယ်ကြီးတွေ ဖြစ်လို့လာခဲ့ ပါတယ်။
ဒီလိုအဖြစ်ဆိုး၊ ခေတ်ဆိုးတွေကို ပြောင်းလဲပစ်ဖို့ဆိုရင် ပြည်တွင်းစစ်ကို ရပ်စဲရမှာပါ။ ပြည်တွင်းစစ်ကို ရပ်စဲဖို့ဆိုတာမှာ နိုင်ငံရေး ပြဿနာကို ပြေလည်အောင် ဖြေရှင်းရမှာဖြစ်ပါတယ်။ တကယ့်ငြိမ်းချမ်းရေးကို “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ကနေ ရနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်နေကြတာဟာ အချက်အလက်မဲ့ ပြောဆိုနေကြတာ မဟုတ်ပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ (UWSA)၊ မိုင်းလား၊ ကိုးကန့်၊ (KIA) (SSPP) ၊ (NMSP)၊ (KNPP) (TNLA) ၊(AA) စတဲ့အဖွဲ့တွေမပါဘဲ “အဖွဲ့ ၈ဖွဲ့”နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဘယ်လိုရယူနိုင်မှာလဲ။ ပြီးတော့ “AA သောင်းကျန်းသူများကို အပြီးတိုင် ရှင်းလင်း တိုက်ခိုက်ချေမှုန်းသွားမယ်” ဆိုတဲ့ သဘောထား ရပ်တည်ချက်တွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဘယ် လိုယူဆောင်နိုင်မှာလဲ။
သက်တမ်းကုန်ဆုံးတော့မယ့် ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအနေနဲ့ “ငြိမ်းချမ်းရေး”ကို နာမည်ကောင်းယူရုံသက်သက် လုပ်နေတာမျိုး မဖြစ်သင့်ပါဘူး။
နိုင်ငံရေးပြေလည်မှုက အခြေခံဥပဒေအသစ်ကို ရေးဆွဲနိုင်ရမယ်။ ရေးဆွဲမယ့် အခြေခံဥပဒေသစ်ထဲမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တကယ်တမ်း ဖော်ဆောင်နိုင်မယ့် အခြေခံမူတွေ ပါရှိဖို့လိုအပ်တယ်။ ဒီလိုအခြေခံမူတွေ ပါရှိဖို့ဆိုတာ နိုင်ငံရေး ဆွေးနွေးပွဲမှာ တန်းတူရည်တူ အကျေအလည် ဆွေးနွေးနိုင်မှဖြစ်မယ်။ ဒီလိုဆွေးနွေးဖို့ဆိုတာမှာ လက်ရှိ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ ထက် ပေါ်ထွက်လာတော့မယ့် “အစိုးရသစ်”နဲ့ ဆွေးနွေးတာက ပိုပြီးလက်တွေ့ကျလိမ့်မယ်၊ အလုပ်ဖြစ်နိုင်လိမ့်မယ်လို့ အင်အား စုတိုင်းက မျှော်လင့်ယုံကြည်ထားကြတယ်။
ဒါကြောင့် “အစိုးရသစ်”က ကိုင်စွဲလာမယ့် “ငြိမ်းချမ်းရေးပေါ်လစီသစ်”ဟာ ယခင့်ယခင် အစိုးရအဆက်ဆက် စွဲကိုင်ခဲ့ကြတဲ့ ပေါ်လစီများနဲ့ သဏ္ဍာန်အရရော အနှစ်သာရအရာပါ ကွဲပြားခြားနားပြီး သာလွန်ကောင်းမွန်လိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။ ဒါ့အပြင် လက်တွေ့မှာလည်း တကယ်တမ်း အကောင်အထည်ဖော်နိုင်တဲ့ ပေါ်လစီဖြစ်ပါစေလို့ ဆုတောင်းနေမိပါတယ်။
လူမျိုးပေါင်းစုံ ပြည်သူတစ်ရပ်လုံးနဲ့ လက်နက်ကိုင်အင်အားစုတိုင်းက လက်ခံနိုင်တဲ့ “ငြိမ်းချမ်းရေးပေါ်လစီသစ်”ကို စစ်တပ်ထဲက တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး တကယ့်ငြိမ်းချမ်းရေးလိုလားတဲ့ စစ်ဗိုလ်စစ်သားများကလည်း လေးစားလိုက်နာထောက်ခံကြလိမ့်မယ် လို့ မျှော်လင့်မိပါကြောင်း။