မန်းမင်းရဲထွေး
(ဇန်နဝါရီ ၁၃ရက်၊ ၂၀၁၆)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောကြားသွားကြတဲ့ ခေါင်းဆောင်ကြီးများရဲ့ မိန့်ခွန်းတွေကို ကြည့်ခြင်း အားဖြင့် အားရကျေနပ်မှုများရှိသကဲ့သို့ သို့လောသို့လောနဲ့ အချိုးမကျ၊ အံမဝင်တာကိုလည်း တွေ့မြင်ရပါတယ်။ ၂၀၁၆ရဲ့အစိုးရ အကူးအပြောင်းကာလကို ရင်တမမနဲ့ စောင့်ကြည့်ရတဲ့အထဲမှာ ဒီငြိမ်းချမ်းရေးညီလာခံက ထွက်လာတဲ့ စကားအတိမ်အနက် ဟာလည်း အရေးပါလှတယ်။ ခေါင်းဆောင်ကြီးတွေရဲ့ ပြည်သူတွေဖက် မျက်နှာမူပြီးပြောတဲ့ ရင်တွင်းစကားလား၊ အပေါ်ယံ သကာလောင်း ချွေးသိပ်ပြီး နှပ်ကြောင်းပေးတဲ့စကားလား အတွေးများက ဟိုတစ်စ၊ ဒီတစ်စ ဆက်စပ်ဖို့ ခက်ခဲနေဆဲပါ။
“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို စတင်ခေါ်ယူကျင်းပရခြင်းဟာ ကျနော်တို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ပေါ် ပေါက်လာမယ့်အစိုးရသစ်ထံ အစိုးရတာဝန်များကို လွှဲပြောင်းပေးတဲ့ကိစ္စတွေထဲမှာ အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ခုကို ဆောင် ရွက်ခြင်းဖြစ်ပါတယ်။ သိမ်မွေ့နက်နဲပြီး ကျယ်ပြန့်တဲ့လုပ်ငန်းစဉ်ကို အစိုးရသစ်ထံ စနစ်တကျ လွှဲပြောင်းနိုင်ရေးအတွက် အထူး အရေးပါလှတဲ့ ဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်ပါတယ်”လို့ သမ္မတဦးသိန်းစိန်က ပြောကြားတဲ့အပေါ် အတွေးစလေးတစ်ခု ဖြစ် ပေါ်မိပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်းသဘောဟာ တက်လာမယ့် အစိုးရသစ်ရဲ့သဘောထားကို စမ်းသပ်တဲ့သဘော လား။ ဒီညီလာခံမတိုင်ခင် တက်ရောက်မယ့် ညီလာခံကိုယ်စလှယ်အချိုးအစားကို ဘယ်လို၊ ဘယ်လောက် ညှိနှိုင်းယူပြီး တစ် ဖက် အသားစီးယူ၊ တစ်ဖက်ကအလျော့ပေး အားရကျေနပ်မှ ဒီညီလာခံကြီးဖြစ်လာတာလား။ ၁ဝရက်ကျင်းပမယ်ကြေညာပြီးမှ ၅ရက်ထဲသာ လုပ်တော့မယ်ဆိုတာကိုတော့ ရှေ့နောက်အတွဲမညီတဲ့လုပ်ရပ်လို့ မြင်မိတယ်။ ဒီညီလာခံကနေ လက်ရှိဆွေးနွေးမှု များကို အကောင်းဆုံး စုစည်းနိုင်ခြင်းအပေါ်မူတည်တာကို သတိပြုကြဖို့ သမ္မတကြီးက သတိပေးပြောကြားပြန်တယ်။
အကောင်းဆုံး စုစည်းနိုင်ခြင်းဆိုတဲ့စကားဟာ အတော်ကို လေးနက်တာသွားလွန်းပါတယ်။ ဆွေးနွေးတင်ပြချက်တွေအပေါ် နှစ် ဖက် အပေးအယူမျှတဲ့ ရလဒ်အပေါ် ထောက်ချင့်ရယူရမှာဖြစ်တဲ့အတွက် ထွက်ပေါ်လာမယ့်ရလဒ်ဟာ ဘာမှတရားမဝင်တဲ့ သေးနုပ်သိမ်ငယ်တဲ့ ရလဒ်နဲ့ပဲ ကြေညာချက်ထုတ်ရင် ခရီးက ရှည်နေဦးမှာ အမှန်ပါ။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂ဝရာစုပင်လုံညီလာခံကို ၂၁ရာစုနှင့်ကိုက်ညီတဲ့ ပင်လုံညီလာခံမျိုးဖြစ်ဖို့ ပြောကြားပြန်တယ်။ ဒီတော့ကာ ၂ဝရာစုက ချုပ်ဆိုထားတဲ့ ပင်လုံစာချုပ်ဟာ ၂၁ရာစုရဲ့အခြေအနေနဲ့ မကိုက်ညီဘဲ ပြန်လည်ပြုပြင်ပြီး ပြောင်းလဲချုပ် ဆိုရမယ့် စာချုပ်ဖြစ်နေပြီးလား။ ဘယ်အချက်တွေကို ပြုပြင်ပြောင်းလဲမှာလဲ။ ပြုပြင်ပြောင်းလဲရင် တိုင်းရင်းသားတွေကရော ကျေနပ်မှာတဲ့လား။
“တိုင်းရင်းသားများအသီးသီးရဲ့မျှော်လင့်ချက်များကို စုပေါင်းပြီးတော့ အကောင်အထည်ဖေါ်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်၊ အယူအဆက ၂ဝရာစုနှစ်က စခဲ့ပေမယ့် ၂၁ရာစုအတွက်ပါ လိုအပ်တဲ့ ပင်လုံစိတ်ဓါတ်၊ တစ်နည်းအားဖြင့် ပြည်ထောင်စုစိတ် ဓါတ်ပဲ ဖြစ်ပါတယ်” ဆိုတဲ့နေရာမှာ ဗမာကို တိုင်းရင်းသားပါလို့ ကျေကျေနပ်နပ်နဲ့ ဗမာတစ်မျိုးသားလုံးက လက်ခံနိုင်ပါပြီးလား။ တစ်ပြည်ထောင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကို နှစ်ပေါင်း ၇၀ကျော်ကျင့်သုံးလာရာမှ အခြားတိုင်းရင်းသားများနှင့် တန်းတူရည်တူ ဖြစ်မှုကိုရော တိတိကျကျ လက်ခံနိုင်ပါပြီးလား။ အဲ့ဒီလိုလက်ခံနိုင်ပါမှ ဗမာလူမျိုးဟာ တိုင်းရင်းသားအားလုံးနဲ့ တစ်သွေးထဲတစ် သားထဲဖြစ်ပြီးတော့ ပင်လုံစိတ်ဓါတ် သို့မဟုတ် ပြည်ထောင်စုစိတ်ဓါတ်ဖြစ်မှာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ကြရာမှာ မြန်မာနဲ့ ကိုက်ညီတဲ့ပုံစံကို ဖေါ်ယူနိုင်မှ ကြိုးစား တည်ဆောက်နေတဲ့ ဒီမိုကရေစီစနစ် ခိုင်မြဲမယ်”လို့ ပြောကြားတာကိုကြည့်တဲ့အခါ မဆလခေတ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို မြင်မိပါတယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့သွားတဲ့ ဆိုရှယ်လစ်စနစ်ဟာ မြန်မာနိုင်ငံကို ဒေဝါလီခံရတာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာ ရင်းဝင်သွားရတာပါပဲ။ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီကို ပုံဖေါ်ဖို့ကြိုးစားခြင်းဟာ အာဏာရှိပုဂ္ဂိုလ်တစ်စုနဲ့ ခရိုနီအုပ်စုတွေကို အကာအကွယ်ပေးခြင်းသဘောပဲ ဖြစ်နေမှာပါ။ ဒီမိုကရေစီစံ၊ ဒီမိုကရေစီယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့မဆိုင်ဘူးလို့ ထင်ပါတယ်။ ဒီမိုကရေစီဟာ လူသားအားလုံးအတွက် အလေးထားရတဲ့ စနစ်တစ်ခုပါ။ လူသားကိုတန်ဖိုးထားလေးစားခြင်းဟာ လူမျိုး၊ ဘာ သာ၊ ယဉ်ကျေးမှုထုံးစံတွေကို အလေးထားခြင်းပါပဲ။ မြန်မာယဉ်ကျေးမှုတစ်ခုတည်းနဲ့ ဘောင်ခတ်လိုက်ရင် ဒီမိုကရေစီ မဟုတ် တော့ပါဘူး။
သူရဦးရွှေမန်းကတော့ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာမှာ စိတ်စေတနာနဲ့ လုပ်နည်းလုပ်ဟန်မှန်ဖို့ အရေးကြီးပြီး တစ်ဖက် နှင့်တစ်ဖက် အသာစီးရအောင် ကြိုးစားအားထုတ်နေရင် လမ်းချော်လွဲသွားနိုင်တယ်လို့ ပြောသွားတာသိပ်ကြိုက်တယ်။ ညောင် နှစ်ပင်အမျိုးသားညီလာခံက ချမှတ်လိုက်တဲ့ အခြေခံဥပဒေဟာ တစ်ဖက်က အသာစီးရယူထားတဲ့ အခြေခံဥပဒေဖြစ်လို့ မြန်မာ့ နိုင်ငံရေးဟာ ခုထိ ခလုတ်ကန်သင်းတွေနဲ့ ပြည့်နှက်နေတာမို့ ရှေ့သွားရမယ့်ခရီးဟာ ဖင့်နှေးနေခြင်းဖြစ်တယ်။ ငြိမ်းချမ်းရေးဟာ တရားဥပဒေစိုးမိုးမှုအောက်မှာ ဖြစ်ထွန်းတည်ရှိနိုင်မှာဖြစ်လို့ တရားဥပဒေစိုးမိုးအောင် လုပ်ရမယ်။ တရားဥပဒေစိုးမိုးနိုင်ဖို့ တည် ဆဲဥပဒေကို ခေတ်ကာလအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်အောင် ပြင်သင့်တာကိုပြင်ပြီး ထားသင့်တာကို ထားဖို့လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောကြားသွားတာ ပြည်သူနဲ့တိုင်း ရင်းသားအရေးဖက် မျက်နှာမူပြီး ပြောတဲ့စကားတွေဖြစ်လို့ နှစ်ခြိုက်ကျေနပ်မိပါတယ်။ ဒီလိုဖြစ်အောင် အကောင်အထည်ဖေါ်ဖို့ လိုအပ်ပါတယ်။
တရားမျှတပြီး ပြည်သူတွေ အမှန်တကယ် လိုက်နာနိုင်တဲ့ ဥပဒေဖြစ်ရေး၊ အမှန်တကယ် လိုက်နာနိုင်ရေးအတွက် တာဝန်ရှိအ ဖွဲ့အစည်းပုဂ္ဂိုလ်များက အမှန်တကယ် တာဝန်ယူ၊ တာဝန်ခံနိုင်စွမ်းရှိရမယ့်အပြင် ပြည်သူအားလုံးက ယုံကြည်စွာ ပါဝင်ဆောင် ရွက်ကြရမယ်လို့ ပြောကြားတာဟာ ငြိမ်းချမ်းရေးစကားပါပဲ။ ငြိမ်းချမ်းရေးအတွက် ကြိုတင်လမ်းခင်းရမယ့် အခြေအနေတွေပဲ ဆို တာကို သတိပြုမိပါတယ်။
၂၀၀၈အခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ပြီးမှသာ လုံခြုံစိတ်ချနိုင်တဲ့ အမျိုးသားပြန် လည်ရင်ကြားစေ့ရေးကို ရရှိမှာဖြစ်ပြီး ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို သေချာစေမယ်လို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးရဲ့ ပြောကြားချက်ကို သိပ် ကြိုက်မိတယ်။ ၂၀၀၈အခြေခံဥပဒေကို ပြင်မှာမလိုလားတဲ့ တပ်မတော်ရဲ့ သဘောထားနဲ့ဆန့်ကျင်လို့ အဖိုးမူတူးကို စိုးရိမ်လိုက် မိတယ်။ ဒီလိုရဲရင့်ပြတ်သားတဲ့စကားအတိုင်း KNU အပါအဝင် လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ လက် မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး၊ နိုင်ငံရေးပါတီများအားလုံးနဲ့ တိုင်းရင်းသားပြည်သူများအားလုံး ဒီလို တစ်သံတည်းထွက်ဖို့ လိုအပ်လှပါတယ်။ ပြောင်းလဲမှုတွေ မြန်နှုန်းမြင့်နေတဲ့ ကမ္ဘာ့ရေစီးကြောင်းထဲမှာ လိုက်ပါစီးမျောဖို့ နောက် တွန့်နေရင် ရေဝဲဂရက်ထဲမှာ နစ်မြှုပ်ကျန်ရစ်ခဲ့မှာ အမှန်ပါ။
ငြိမ်းချမ်းရေးညီလာခံက ထွက်ပေါ်လာတဲ့ စကားပဲ့တင်သံတွေဟာ ပြည်သူတွေရဲ့ရင်ထဲကို ထိမှန်မှု ရှိ၊ မရှိ ပြည်သူတွေရဲ့ တန်ပြန်ထွက်ပေါ်လာတဲ့အသံဟာလည်း ဘာကိုအလိုရှိနေသလဲဆိုတာ ပြန်လည်ကြားကြရမှာပါ။ ပြည်သူ့အသံ၊ ပြည်သူ့အလို ကျ လိုက်ပါဆောင်ရွက် အကောင်အထည်ဖေါ်ဖို့က ခေါင်းဆောင်ကြီးများရဲ့ မြင့်မြတ်တဲ့ သဘောထားအပေါ်မှာ မူတည်နေပါ တယ်။