မတ်လ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ဖောက်လုပ်နေဆဲဖြစ်ပြီး ခရီးသွားကားများ သွားလာခွင့်ပိတ်ထားသည့် မြဝတီ-ကော့ကရိတ်လမ်းသစ် တတန်ကူးနေရာတွင် မတ်လ ၁ဝရက်နေ့၊ ည ၈း၄ဝနာရီအချိန်ခန့်တွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ဂိတ်မှ တပ်သားတစ်ဦးမှာ သေနတ်ဖြင့် အပစ်ခံရပြီး ဘယ်ဖက်ပေါင်၌ ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ လမ်းသစ်ပေါ်တွင် မောင်းနှင်လာသော အနက်ရောင်ကားတစ်စီးကို DKBA ဂိတ်မှ ကလို့ထူးဝါး ကွပ်ကဲရေးတပ်ရင်း (၉၀၇) တပ်သားဖြစ်သူ အသက် (၂၃)နှစ်အရွယ် စောဒီးတိုက တားဆီးမှုလုပ်ရာမှ ကားပေါ်ပါလာသူတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယင်းသို့ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း DKBA ကလို့ထူးဝါးကွပ်ကဲရေးမှ ဗိုလ်မှူးချုပ်စောကျော်သက်က ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။
၎င်းက “ကျနော်တို့ အဲဒီဂိတ်မှာ DKBA က ဆယ်ယောက်ကျော်လောက်ရှိမယ်။ လာနေတဲ့ အနက်ရောင်ကားကို ကျနော့်ရဲဘော် က တားလိုက်တဲ့အခါ ကားပေါ်ကနေ သေနတ်အတိုနဲ့ ၂ချက်ပစ်ပြီး မောင်းပြေးသွားတယ်။ ကျနော့်ရဲဘော် ပေါင်ထိသွားတယ်။ ကိုယ့်ဘက်ကတော့ ပြန်ပစ်တာ မရှိဘူး။ ဒဏ်ရာရရှိသွားတဲ့ ရဲဘော်ကတော့ ဖားအံဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်”ဟု ပြောသည်။
မြဝတီ-ကော့ကရိတ်လမ်းသစ်ကို ယခု မတ်လ ၄ရက်နေ့မှစတင်ကာ လမ်းဖောက်လုပ်မှု အနှောက်အယှက် ဖြစ်သည့်အတွက် ကရင်လက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့ပါဝင်သည့် ကရင်လက်နက်ကိုင်များ ညီညွတ်ရေးကော်မတီက အစည်းအဝေးထိုင်ကာ သွားလာ ခွင့် ပိတ်ထားခဲ့သည်။
ထိုသို့ သွားလာခွင့်ပိတ်ရာတွင် လက်နက်ကိုင်အဖွဲ့များ သွားလာပါက သက်ဆိုင်ရာ ဆက်ဆံရေးရုံးများ၊ အစိုးရဌာနဆိုင်ရာယာဉ် များဖြစ်ပါက KNU တပ်မဟာ (၇) ဆက်ဆံရေးရုံးနှင့် အစိုးရတပ်များ သွားလာမည်ဆိုပါကလည်း သက်ဆိုင်ရာ ဗျူဟာမှူးထံ အသိပေးအကြောင်းကြားပြီးမှသာ သွားလာရမည်ဟု အစည်းအဝေးက ဆုံးဖြတ်ထားကြောင်း KNU တပ်မဟာ(၇) ဆက်ဆံရေး ရုံး တာဝန်ခံ ဗိုလ်မှူးစောဇောရိုးက ပြောသည်။
ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကလို့ထူးဝါးကွပ်ကဲရေးမှ ဗိုလ်မှူးချုပ်စောကျော်သက်က အစိုးရတပ် အမှတ်(၁၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-စကခ(၁၂)မှ ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ပြောဆိုသော်လည်း ကေအိုင်စီမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိ သေးပေ။