မတ်လ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) နှင့် မြန်မာအစိုးရစစ်တပ်တို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် (၄)မိုင် ခန့်အကွာရှိ ရွာသစ်ကျေးရွာ အပြင်ဘက်၌ ယနေ့မွန်းလွဲ ၂နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကြောင်လျှာကုန်းရွာနှင့် ရွာသစ်ရွာတို့တွင် တပ်စွဲထားသည့် အစိုးရတပ်မှ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၁)တပ်ရင်းနှင့် DKBA ကလို့ထူးဝါးကွပ်ကဲရေး လက်အောက်ရှိ (၉၀၇)တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု DKBA ဘက်က ပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားရခြင်းနှင့်ပတ်သက်ပြီး DKBA ကလို့ထူးဝါးကွပ်ကဲရေးမှ ဗိုလ်မှူးချုပ်စောကျော်သက်က “သတင်းထွက်နေတဲ့ ဗိုလ်ဆန်းအောင်အဖွဲ့နဲ့ ဖြစ်တာတော့ လုံးဝ မဟုတ်ဘူး။ အစိုးရတပ်က တက်လာလို့ ပစ်တာ။ ပြောပြီးပြီလေ။ မကျော်ပါနဲ့ ပြော တာကို ကျော်လာတာကိုး။ ကျော်တော့လည်း ပစ်ကြတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုမှာ အစိုးရတပ်ဘက်မှ အနည်းဆုံး ဒဏ်ရာရသူ အနည်းဆုံး ၄ဦးထက်မနည်းရှိပြီဟု စုံစမ်းသိရှိရကြောင်းနှင့် ကော့ကရိတ်တွင် အခြေစိုက်သည့် ခမရ(၂၃၀)နှင့် (၉၇)တပ်ဖွဲ့များကလည်း တက်လာပြီး ပြန်လည် အင်အားဖြည့်တင်းမှုများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
ကော့ကရိတ်မြို့ခံ အမျိုးသမီးတစ်ဦးက “သေနတ်သံတွေ ကြားနေရတော့ တိုက်ပွဲဖြစ်မှန်း သိလိုက်တယ်။ စစ်ကားနှစ်စီး ထွက် သွားတာလည်း မြင်လိုက်တယ်။ တောင်ပေါ်တက်တဲ့ကားတွေလည်း ပြန်လှည့်လာတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယခု တိုက်ပွဲဖြစ်ပွားသောနေရာတွင် အစိုးရတပ်မှ မတ်လ ၁ဝရက်နေ့က စတင်ကာ လာရောက်တပ်စွဲထားမှုကြောင့် နှစ်ဖက် တင်းမာမှုများ ဖြစ်ပွားရာမှ ယခုလို တစ်ဖက်နှင့်တစ်ဖက် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်ပြီး ယနေ့တိုက်ပွဲမှာ ညနေပိုင်းအ ထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။



















