Home သတင်း OKRSO မှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဆိုင်ရာ ဆရာဖြစ်သင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြား‌ပေး

OKRSO မှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဆိုင်ရာ ဆရာဖြစ်သင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြား‌ပေး

3153
မတ်လ ၁၁ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Photo-OKRSOပြည်ပ‌ရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့-OKRSO မှ ဦး‌ဆောင်ပြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဆိုင်ရာ ဆရာဖြစ်သင်တန်းကို ပထမဆုံးအကြိမ်အဖြစ် ယမန်‌နေ့က ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ တွင် အခမ်းအနားတရပ်ကျင်းပကာ စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။

ယင်းဆရာဖြစ်သင်တန်းကို ဘန်‌ကောက်မြို့ရှိ OKRSO Every Sunday School (Scared Heart Convent School)‌ခေါင်တိန် ဘုရားရှိခိုး‌ကျောင်းတွင် ယမန်‌နေ့ (မတ်လ ၁ဝရက်‌နေ့) နံနက် ၁ဝနာရီခွဲမှ ‌နေ့လည် ၁၂နာရီ အထိ အခမ်းအနားပြုလုပ်ကာ ဆရာ/ဆရာမများနှင့် ‌ကျောင်းသူ ‌ကျောင်းသား ၅ဝ ‌ကျော် တက်‌ရောက်ခဲ့သည်။

သင်တန်းနှင့် ပတ်သက်၍ OKRSO ၏ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်‌ရေး‌ကော်မတီမှ ဥက္ကဌဖြစ်သူ ‌စောစိပ်ပ‌လောင်က “အခုပြည်ပမှာ ‌ရောက်ရှိ‌နေကြတဲ့ ကရင်လူငယ်‌မောင်မယ်‌တွေ အ‌နေနဲ့ ပြည်ပ ယဉ်‌ကျေးမှု‌တွေ လွှမ်းမိုး မခံရ‌အောင်နဲ့ ကိုယ့်ရဲ့ ရိုးရာယဉ်‌ကျေးမှု ‌တွေကို သိမြင်ပြီး ထိန်းသိမ်းတတ်‌အောင် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ပြည်ပ‌ရောက် ကရင်လူမျိုးများ အ‌နေဖြင့် မိမိတို့၏ ရိုးရာယဉ်‌ကျေးမှုများကို သိရှိမြတ်နိုးတတ်ရန် နှင့် ဆက်လက်ထိန်းသိမ်း‌စောင့်‌ရှောက်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းလည်း ဖြစ်သည်ဟု ‌စောစိပ်ပ‌လောင်က ‌ပြောသည်။

Photo-OKRSO

ယခုသင်တန်းသည် ‌မေလ ၅ အထိ နှစ်လကြာ မြင့်မည်ဖြစ်ပြီး သင်တန်းတွင် အ‌ခြေခံကရင်စာ‌ပေ၊ ကရင်ရိုးရာ ဒုံးအက၊ ကဗျာ‌ရေးဖွဲ့သီကုံးမှု၊ ကရင်‌စောင်း‌ကောက် သင်ကြားမှု၊ အခမ်းအနား အစီအစဉ် တင်ဆက်မှု၊ ‌လေ့လာ မှတ်သားစရာ ကရင့်သမိုင်းစာမျက်နှာနှင့် အ‌ထွေ‌ထွေ ဗဟုသုတ ဆိုင်ရာ စသည်တို့ကို သင်ကြား‌ပေးမည်ဟု သိရသည်။

လက်ရှိ သင်တန်းတွင် ကရင် ဆရာ၊ ဆရာမ ၈ ဦးမှ အ‌ရှေ့ပိုးကရင်စာ‌ပေကို အဓိကထားကာ အပတ်စဉ် တနဂင်္‌နွေ‌နေ့တိုင်း သင်ကြား‌ပေးမည်ဖြစ်ပြီး သင်တန်းအားလုံးအတွက် ‌ကျောင်းသူ‌ကျောင်းသားစုစု‌ပေါင်း ၂၈ ‌ယောက် လာ‌ရောက်စာရင်း‌ပေးသွင်းထားသည်ဟု စာစိပ်ပ‌လောင်က ဆိုသည်။

ထို့အပြင် စ‌ကောကရင် စာ‌ပေလည်း ဆက်လက်သင်ကြား‌ပေးရန် အစီအစဉ်ရှိပြီး သင်တန်းပြီးဆုံးပါက ထိုင်း နိုင်ငံအပြင် လိုအပ်ပါက မြန်မာပြည်တွင်းသို့လည်း ဆရာဆရာမများကို ‌စေလွှတ်သင်ကြား‌ပေးရန် အစီအစဉ်ရှိ ‌ကြောင်း သိရသည်။

OKRSO ကို ၁၉၉၂ ခုနှစ်၊ ဘန်‌ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်လူမျိုးများ၏ ရိုးရာယဉ်‌ကျေးမှုများကို အစဉ်တစိုက် ‌ဖော်ထုတ်မြှင့်တင်လာခဲ့ရာမှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဆိုင်ရာဆရာဖြစ်သင်တန်းကို ယခု ၂၀၁၃ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ခြင်းဖြစ်သည်။