Home သတင်း ကေအဲန်ယူနှင့်မဆက်ဆံရန် ထိုင်းနိုင်ငံထံ စစ်အုပ်စုသတိပေးစာ ထွက်ပေါ်

ကေအဲန်ယူနှင့်မဆက်ဆံရန် ထိုင်းနိုင်ငံထံ စစ်အုပ်စုသတိပေးစာ ထွက်ပေါ်

18

နိုဝင်ဘာ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ သံလွင်မြစ်ကမ်းနား၊ သော်လဲထတွင် ထိုင်းလုပ်ငန်းရှင်များက ကေအဲန်ယူနှင့်ကုန်သွယ်ရေးလုပ်ဆောင်နေသည်ဟုဆိုကာ စစ်အုပ်စုက ထိုင်း-မြန်မာ နယ်ခြားကော်မတီဥက္ကဋ္ဌထံ ပြီးခဲ့သည့် ဩဂုတ်လ(၃၁)ရက်စွဲဖြင့် သတိပေးစာပို့ခဲ့ကြောင်း လူမှုကွန်ရက်ပေါ် ပေါက်ကြားလာသည့် စာအရ သိရသည်။

အဆိုပါ စာထဲတွင် စစ်အုပ်စုက ကေအဲန်ယူအား မတရားအသင်းအဖြစ်ဖော်ပြထားပြီး ၎င်းတို့တရားဝင်ခွင့်ပြု ထားခြင်းမရှိဘဲ ထိုင်းလုပ်ငန်းရှင်များနှင့်ကေအဲန်ယူတို့ ကုန်သွယ်မှုပြုနေခြင်းကို ကန့်ကွက်ကြောင်း ဖော်ပြသည်။

ထိုင်းနှင့်မြန်မာချစ်ကြည်ရင်းနှီးမှုအရ ကေအဲန်ယူနှင့်မည်သို့သောဆက်ဆံမှုမှမပြုရန် ထိုင်းဘက်က လိုက်နာရမည့်အပြင် ၎င်းတို့စစ်အုပ်စုအနေဖြင့်လည်း ထိုင်းနိုင်ငံနှင့်နီးကပ်စွာရှိနေသည့် သော်လဲထရှိ ကေအဲန်ယူ၏ထောက်ပံ့ရေးလမ်းကြောင်းများကို လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သွားမည်ဟု စာထဲတွင် ဆိုသည်။

သံလွင်ကမ်းနံဘေးတွင်ရှိသည့် အဆိုပါသော်လဲထနေရာ၏ တစ်ဖက်ကမ်းတွင် ထိုင်းနယ်နိမိတ်ဖြစ်၍ မယ့်ဆရီးယန်းမြို့နယ်၊ မယ့်စန်လက်ကျေးရွာနှင့် မျက်နှာချင်းဆိုင်တည်ရှိသည်။

စစ်အုပ်စုသည် ထိုင်းထံ သတိပေးစာပို့ပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာ(၃၁)ရက်၊ ည (၇) နာရီခန့်တွင် သော်လဲထသို့ လေယာဥ်ဖြင့်ဗုံး (၂) လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြင်းထန်သည့်ပေါက်ကွဲအားကြောင့် ထိုင်းဘက်ရှိအဆောက်အအုံများ ပျက်စီးမှုရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။

Photo: Social Media

ထိုပျက်စီးမှုတွင် ရွာရှိ ခရစ်ယာန်ဘုရားကျောင်း၊ ဆေးရုံအဆောက်အဦးနှင့် ရွာအစည်းအဝေးခန်းမနေရာတို့ ပါဝင်သည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်အပြီး လက်ရှိအချိန်ထိ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ရာ သော်လဲထ-မယ့်စန်လက် သံလွင်ကမ်းကူးဂိတ်နေရာကို အာဏာပိုင်များက အသွားအလာပိတ်ထားသည်ဟု ဒေသခံတချို့က ဆိုသည်။

စစ်အုပ်စု၏ထိုင်းနိုင်ငံထံ သတိပေးကန့်ကွက်စာတွင် ကေအဲန်ယူဗဟိုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA စစ်ဦးစီးချုပ်ရုံးတို့က ဦးဆောင်ဖွင့်လှစ်ပြီး သော်လဲထတွင် နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်ရေးရုံးတစ်ခု ဖွင့်လှစ်ကြောင်းကိုလည်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံအနေဖြင့် ထိုင်းလုပ်ငန်းရှင်များနှင့်ကေအဲန်ယူတို့ ထိုရုံးမှနေ၍ ကုန်သွယ်ရေး ပူးပေါင်းလုပ်ဆောင်မှုကို ကြပ်မတ်ပေးရန်အပြင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး မည်သည့်နည်းလမ်းဖြင့်မဆို ဆက်ဆံရေးမလုပ်ရန် စစ်အုပ်စုက သတိပေးထားသည်။

စစ်အုပ်စုက ထိုသို့ ထိုင်းနှင့်ဆက်ဆံရေးကိုအသုံးချ ပြင်းပြင်းထန်ထန်ခြိမ်းခြောက်လာသည့်အပေါ် ကေအဲန်ယူ၏ တုံ့ပြန်မှုကိုသိရှိနိုင်ရန် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။