” ပြစ်မှုကျူးလွန်သူဟာ တပ်ဖွဲ့ဝင်ပဲဖြစ်ဖြစ်၊ အာဏာပိုင်ပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အရေးယူဆောင်ရွက်မှုတွေကိုလည်း ပြည်သူလူထုအနေနဲ့ ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့ လိုအပ်ပါတယ်။ ”
(နော်ဇူးဇူးလှိုင်-အတွင်းရေးမှူး၊ KWO ဒူးသထူခရိုင်)
သားအမိနှစ်ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့် အမျိုးသမီးတစ်ဦးအချုပ်ခန်းအတွင်း သေဆုံးမှုတို့နှင့် ပတ်သက်၍ KWO အတွင်းရေးမှူးနှင့် မေးမြန်းချက်
အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဒူးသထူခရိုင်တွင် ယခုအတွင်း ဖြစ်ပွားခဲ့သည့် သားအမိနှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့် အမျိုးသမီး တစ်ဦး အချုပ်ခန်းအတွင်း သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကြီးနှစ်ရပ်အပေါ် တရားမျှတမှု ဖော်ထုတ်ပေးရန်နှင့် ရာဇဝတ်မှုများကို လျစ်လျူမရှုဘဲ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။
အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ အချက်များအပေါ် ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ ကူညီဆောင် ရွက်ပေးနေမှု အခြေအနေများ၊ ဒေသတွင်း ကြုံတွေ့နေရသည့် အကြီးမားဆုံး စိန်ခေါ်မှုများနှင့် နောင်တွင် ထိုကဲ့ သို့သော အမှုအခင်းများ ထပ်မံမဖြစ်ပွားစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရမည့် အချက်များအပေါ် ဒူးသထူခရိုင်၊ KWO အတွင်းရေးမှူး နော်ဇူးဇူးလှိုင် နှင့် ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြလိုက်သည်။
မေး – ပထမဦးဆုံး KNLA တပ်ဖွဲ့က စစ်ဗိုလ်နှစ်ဦး သားအမိနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြု ကျင့်ခဲ့ တယ်ဆိုတဲ့ ဖြစ်စဉ်တစ်ခုရယ်၊ နောက်တစ်ခုကတော့ ဖားအံမြို့နယ်က အမျိုးသမီးတစ်ဦး အချုပ်ထဲမှာ သေဆုံးခဲ့ရတယ်ဆိုတဲ့ ဖြစ်စဉ်အပေါ်မှာ ဘယ်လိုသိရှိနားလည်ထားသလဲ။
ဖြေ – ဒီဖြစ်စဉ်နှစ်ခုလုံးနဲ့ပတ်သက်ပြီး ကျမတို့ ခရိုင်ကရင်အမျိုးသမီးအစည်းအရုံး (KWO) အနေနဲ့ အစပိုင်းမှာ ဘယ်လိုသတင်းအချက်အလက်မှလည်း မရရှိခဲ့ပါဘူး။ ကေအိုင်စီ သတင်းဌာနက သတင်းဖော်ပြလာမှပဲ သိရှိခဲ့ရတာပေါ့နော်။ ကျမတို့ သိသိချင်းမှာပဲ မြို့နယ်ကရင်အမျိုးသမီးအစည်းအရုံးကို တိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ သူတို့ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မသိရှိသေးတဲ့အတွက် ကျမတို့က ဒီဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးဖို့ ပြောခဲ့ပါတယ်။
ပြန်ကြည့်မယ်ဆိုရင် ဒီဖြစ်စဉ်နှစ်ခုလုံးဟာ သေးငယ်တဲ့ကိစ္စရပ်တွေ မဟုတ်ဘဲ အလွန်ကြီးမားပြီး အရေးကြီးတဲ့ ပြဿနာရပ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ တကယ်လို့ ဒီကိစ္စတွေကို ထိထိရောက်ရောက် မကိုင်တွယ် မဖြေရှင်းနိုင်ဘူးဆိုရင် ပြစ်မှု ကျူးလွန် သူတွေဟာ စစ်ဗိုလ်ပဲဖြစ်ဖြစ်၊ အာဏာပိုင်ပဲဖြစ်ဖြစ် ပြည်သူလူထုအတွက် အဆိပ်အတောက် ဖြစ်လာနိုင်ပါတယ်။
မေး – ဒီဖြစ်စဉ်နှစ်ခုလုံးနဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာ ပျံ့နှံ့နေတဲ့ သတင်းအချက်အလက်နဲ့ ဆရာမတို့ရရှိထားတဲ့ အချက်အလက်တွေနဲ့ တကယ့်မြေပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေက ဘယ်လိုကွာခြားမှုတွေ ရှိပါသလဲ။
ဖြေ – ဒီဖြစ်စဉ်နှစ်ခုလုံးနဲ့ပတ်သက်တဲ့သတင်းကို ကေအိုင်စီ သတင်းဌာနက ဖော်ပြတာမြင်မြင်ချင်းမှာပဲ ကျမတို့ ခရိုင်ကရင်အမျိုးသမီးအစည်းအရုံး (KWO) ကနေ မြို့နယ် KWO ကို ချက်ချင်း ဆက်သွယ်ခဲ့ပါတယ်။ မြို့နယ် တာဝန်ရှိသူတွေကိုလည်း ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းဖို့နဲ့ အချက်အလက်တွေ မှတ်တမ်းယူထားဖို့ ပြောခဲ့ပါတယ်။ အဲဒီလို စုံစမ်းကြည့်တဲ့အခါမှာ တပ်ရင်း(KNLA)က စစ်ဗိုလ်နှစ်ဦးဟာ သားအမိနှစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်းခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိခဲ့ရပါတယ်။ တကယ်ဖြစ်ပွားခဲ့တဲ့အချိန်ကတော့ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းမဟုတ်ဘဲ မနက် ၁၁ နာရီမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဖားအံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နော်အံ့မီးရဲ့ ဖြစ်စဉ်နဲ့ပတ် သက်လို့တော့ ကေအိုင်စီ သတင်းဌာနက ဖော်ပြထားတဲ့အတိုင်းပဲ ကျမတို့ သိရှိထားပါတယ်။
အဲဒီနောက်မှာ ခရိုင်အတွင်းရေးမှူးနဲ့လည်း ဆက်သွယ်ခဲ့ပါတယ်။ ခရိုင်အတွင်းရေးမှူးကလည်း ဒီကိစ္စကို သိရှိသွား တဲ့အခါမှာ ဒီအမှုမျိုးက သေသွားလို့မရဘူးလို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်တွေကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပြီးရရှိလာတဲ့ အချက်အလက်တွေနဲ့ ဖြစ်စဉ်အသေးစိတ်ကို ပြန်လည်တင်ပြဖို့ ပြောခဲ့ပါတယ်။
မေး – ဒီဖြစ်စဉ်ဖြစ်ရပ်တွေအပေါ်မှာ သက်ဆိုင်ရာ မိသားစုဝင်တွေက အမှန်တရားနဲ့ တရားမျှတမှုရရှိဖို့ လိုလားနေကြတယ်လို့ သိရတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ – နော်အံ့မီး သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ခရိုင်က သက်ဆိုင်ရာတာဝန်ရှိသူတွေ သိရှိသွားတဲ့အခါမှာ အာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ သေးငယ်တဲ့ကိစ္စမဟုတ်ဘဲ ကြီးမား တဲ့ကိစ္စရပ်တစ်ခု ဖြစ်တဲ့အတွက် မြို့နယ်ဘက်က တာဝန်ရှိသူတွေက တိုက်ရိုက်တာဝန်ယူဆောင်ရွက်တာမျိုး မလုပ်ဘဲ ခရိုင်ရုံးကို တင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာ ခရိုင်ရုံးကနေ တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နော်အံ့မီး သေဆုံးမှုနဲ့ပတ်သက်ပြီး ဘာကြောင့် သေဆုံးခဲ့ရတာလဲဆိုတာကို စုံစမ်းစစ်ဆေးနေပြီး တရားရေး ဆိုင်ရာ လုပ်ငန်းစဉ်တွေအရလည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နောက်ပြီး တပ်ရင်း (၂) က စစ်ဗိုလ်နှစ်ဦး သားအမိနှစ်ဦးကို လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျမတို့ သိရှိထားတာကတော့ ဒီဖြစ်စဉ်ဖြစ်ပွားပြီးတာနဲ့ တပ်မဟာ(KNLA တပ်မဟာ -၁)ကို ချက်ချင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း သက်ဆိုင်ရာအာဏာပိုင်တွေ၊ ကရင်အမျိုး သမီးအစည်းအရုံး (KWO) နဲ့ တစ်ခြားသက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီသားအမိနှစ်ဦးကို ကူညီပေးနိုင်ဖို့နဲ့ အမှန် တရားပေါ်ပေါက်လာဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
တပ်မဟာမှူးကလည်း ဒီစစ်ဗိုလ်နှစ်ဦးဟာ ဘယ်သူပဲဖြစ်ဖြစ် ပြစ်မှုကျူးလွန်ခဲ့တာ မှန်ကန်တယ်ဆိုရင် သက်ဆိုင် ရာစည်းမျဉ်းစည်းကမ်းတွေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြောထားပါတယ်။ အခုလက်ရှိ ကျမတို့ ကြားသိထားရတာကတော့ ဒီအမှုကို စတင်ကိုင် တွယ်ဆောင်ရွက်နေပြီဖြစ်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
မေး – ခုနက ဆရာမပြောခဲ့သလိုပဲ ဒီအမှုဟာ သေးငယ်တဲ့ကိစ္စရပ်တွေ မဟုတ်ဘူးပေါ့နော်။ ဒါကြောင့် ဒီအမှု အတွက် တရားမျှတမှုရရှိဖို့ ဆရာမတို့အနေနဲ့ ခရိုင်နဲ့ မြို့နယ်တာဝန်ရှိသူတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါသလဲ။
ဖြေ – ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျူးလွန်ခံရသူတွေ တရားမျှတမှုရရှိဖို့အတွက် ကျမတို့ ကရင်အမျိုး သမီးအစည်းအရုံး (KWO) အနေနဲ့ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေ၊ ခရိုင်နဲ့ မြို့နယ်တာဝန်ရှိသူတွေကလည်း ဒီဖြစ်စဉ်တွေကို သေချာစုံစမ်းစစ်ဆေးပြီး အချက်အလက်တွေ မှတ်တမ်းယူတာ၊ ဖြစ်စဉ်တွေကို တင်ပြတာတွေ လုပ်ဆောင်နေပါတယ်။
ဘာလို့လဲဆိုတော့ ကျူးလွန်ခံရသူတွေ တရားမျှတမှုရရှိဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ အလားတူ ပြစ်မှုကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကိုယ့်တာဝန်ကိုယ်ယူပြီး တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
မေး – အမျိုးသမီးနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေနဲ့ပတ်သက်ပြီး အရင်ကလည်း ရှိခဲ့တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူနဲ့ ပြည်သူတွေရဲ့ ပြောဆို ချက်တွေအရ သိရတယ်။ အဲဒီတော့ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ခရိုင်အဆင့် KWO ခေါင်းဆောင်တစ်ဦးအနေနဲ့ ဘာများပြောချင်ပါသလဲ။ နောက်ပြီး အရင်က ဖြစ်ပွားခဲ့တဲ့ ဒီလိုကိစ္စရပ်မျိုးတွေကိုရော ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းဆောင်ရွက်ခဲ့ပါသလဲ။
ဖြေ – အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုတွေဖြစ်စေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် စော်ကားမှုတွေဖြစ်စေ စစ်ဘက်က ကျူးလွန်တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျမတို့ဆီကို တစ်ခါမှ တိုင်ကြား တင်ပြလာတာမျိုး မရှိခဲ့ဖူးပါဘူး။ ပြည်သူ(အရပ်ဘက်)အချင်းချင်းကြားမှာ ဖြစ်ပွားတဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုတွေကိုပဲ လက်ခံရရှိခဲ့ဖူးပါတယ်။
အရင်တုန်းက ကျမတို့ ခရိုင်ကရင်အမျိုးသမီးအစည်းအရုံး (KWO) အနေနဲ့ ကျူးလွန်ခံ ရသူတွေဘက်ကနေ သွားရောက်ပြောဆိုဆောင်ရွက်ပေးခဲ့တဲ့ အမှုနှစ်ခုရှိခဲ့ဖူးပါတယ်။ တပ်နဲ့ပတ်သက်တဲ့ အမှုတစ်ခုကတော့ စစ်ဗိုလ်တစ်ဦးဟာ အိမ်ထောင်ရှိပြီးသားဖြစ်ပေမဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ပြုခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒီအမှုမှာလည်း ကျမတို့ဘက်က သွားရောက်ပြောဆိုဆောင်ရွက်ပေးခဲ့ပြီး ထိထိရောက်ရောက် အရေးယူမှုတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ကျမတို့ ကြားသိထားရသလောက် မြို့နယ်အဆင့်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ဗိုလ်တွေနဲ့ ပတ်သက်တဲ့အမှုတွေ ဆိုရင်တော့ သူတို့အချင်းချင်းပဲ ဖြေရှင်းလိုက်ကြတာမျိုး ရှိပါတယ်။ အဲဒီလို ဖြေရှင်းတဲ့အခါမှာလည်း တချို့အမှု တွေက ထိရောက်မှုရှိပေမယ့် တချို့အမှုတွေကတော့ ထိရောက်မှုမရှိပါဘူး။ နောက်ပြီး ကျမတို့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ မြို့နယ်တရားသူကြီးတွေရဲ့ ပြောကြားချက်အရ အမှုတွေ ဖြစ်ပွားလာတဲ့အခါမှာ အများအားဖြင့် အဖွဲ့အစည်းအဆင့်၊ ရပ်ရွာအဆင့်တွေမှာပဲ ဖြေရှင်းကြတာ များတယ်လို့ သိရပါတယ်။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေဖြစ်စေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အမှုတွေဖြစ်စေ ကျမတို့ဆီကို တိုက်ရိုက်ရောက်ရှိလာတာမျိုး မရှိခဲ့ပါဘူး။
မေး – မြေပြင်မှာ ဒီလိုဖြစ်စဉ်တွေ ဖြစ်ပွားလာတဲ့အခါ အရေးယူဆောင်ရွက်ရာမှာပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာပဲဖြစ်ဖြစ် KWO အနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲ။
ဖြေ – ဒီလိုကိစ္စတွေ ဖြစ်ပွားလာတဲ့အခါ ကျမတို့ KWO ကို အကြောင်းကြားလာရင် အဆင့်အလိုက် အချက် အလက်တွေကို မှတ်တမ်းယူထားပြီး သွားလာရေးအတွက် ကူညီပေးတာ၊ ကျူးလွန်ခံရသူ တွေကိုယ်စား ပြောဆိုဆောင်ရွက်ပေးတာတွေ လုပ်ဆောင်ပါတယ်။ တချို့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တဲ့ ကျူးလွန်ခံရသူတွေကိုဆိုရင် ကျမတို့ KWO က လုံခြုံတဲ့နေရာမှာ နေထိုင်နိုင်ဖို့ စီစဉ်ပေးပါတယ်။ လုံခြုံရေးပိုင်းအတွက်လည်း ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သူတို့ဘက်က လုံခြုံရေးတာဝန်ယူပေးတာတွေ ရှိပါတယ်။ ဒီလို လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေ ဖြစ်ပွားလာတဲ့အခါ ကျမတို့ KWO အတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ လူအများစုက အမျိုးသမီးတွေရဲ့ အပြစ်လို့ပဲ မြင်ကြတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေက လုံလုံခြုံခြုံ မဝတ်စားလို့၊ နေထိုင်ပုံမသင့်တော်လို့၊ အမျိုးသားတွေကို မြှူဆွယ်လို့ဆိုပြီး ကျူးလွန်ခံရသူ အမျိုးသမီးတွေရဲ့ အပြစ်လို့ပဲ တိုက်ရိုက်မြင်ကြပါတယ်။
ဒါကြောင့် ကျမတို့အနေနဲ့ ကျူးလွန်ခံရသူတွေဘက်ကနေ ရပ်တည်ပြောဆိုပေးရတာ၊ ဒီလိုအမြင်တွေကို ထောက်ပြပြီး တစ်ဆင့်ချင်း ရှင်းပြပေးရတာ၊ အသိပညာပေးတာတွေ လုပ်ဆောင်ရပါတယ်။ နောက်တစ်ခုကတော့ ကျမတို့ အစည်းအဝေးတွေမှာ အမြဲပြောလေ့ရှိတဲ့ ကိစ္စတစ်ခုပါ။ အမျိုးသမီးနဲ့ပတ်သက်တဲ့ အမှုတွေ ဖြစ်ပွားလာရင် KWO ကို ဖိတ်ခေါ်ဖို့ လိုအပ်ပါတယ်။ ကျမတို့ KWO အနေနဲ့ ခရိုင်အဆင့်မှာဖြစ်စေ၊ မြို့နယ် အဆင့်မှာဖြစ်စေ ကျူးလွန်ခံရသူတွေကိုယ်စား ပြောဆိုဆောင်ရွက်ပေးဖို့ တာဝန်ရှိသူတစ်ဦးစီကို သတ်မှတ် တာဝန်ပေး ထားပါတယ်။ ဒါပေမယ့် တချို့ဒေသတွေမှာတော့ KWO ကို ဖိတ်ခေါ်တာမျိုး မရှိပါဘူး။ တရားစီရင် ရေးကော်မတီထဲမှာ အမျိုးသမီးအဖွဲ့ဝင်တစ်ဦး ပါဝင်နေပြီဆိုရင် KWO ကို ထပ်ပြီး မဖိတ်ခေါ်တော့တာမျိုး ရှိပါတယ်။ တကယ်တော့ အဲဒီလို မဖြစ်သင့်ပါဘူး။ တရားစီရင်ရေးကော်မတီမှာ ပါဝင်တဲ့ အမျိုးသမီးဟာ တရားစီရင်ရေးဆိုင်ရာ တာဝန်ကိုပဲ ထမ်းဆောင်ရတာဖြစ်ပြီး ကျူးလွန်ခံရသူတွေကိုယ်စား ပြောဆို ဆောင်ရွက်ပေးဖို့ တာဝန်ရှိသူ မဟုတ်ပါဘူး။
ကျမတို့ KWO ကို ဖိတ်ခေါ်စေချင်တာကတော့ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေရဲ့ ပြောကြားချက်တွေကို နားထောင်ပေးဖို့၊ သူတို့ကို ကူညီပေးဖို့နဲ့ သူတို့ကိုယ်စား ပြောဆိုဆောင်ရွက်ပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ တစ်ခါတလေ အမျိုးသမီးနဲ့ပတ်သက်တဲ့ အမှုတွေ ဖြစ်ပွားလာတဲ့အခါ ဒေသခံခေါင်းဆောင်တချို့က KWO အနေနဲ့ ဒီဖြစ်စဉ်တွေကို သိရှိသွားမှာ စိုးရိမ်ကြတဲ့အတွက် KWO ကို မဖိတ်ခေါ်ကြပါဘူး။ ဒါကြောင့် တချို့အမှု တွေဟာ ကျမတို့ KWO ဆီကို မရောက်ရှိလာဘဲ ကျေးရွာအဆင့်၊ ကျေးရွာအုပ်စုအဆင့်နဲ့ မြို့နယ်အဆင့်တွေမှာပဲ ဖြေရှင်းလိုက်ကြတာများပါတယ်။
နောက်ထပ် ကျမတို့ KWO အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုကတော့ တချို့ကျေးရွာအုပ်စုတွေမှာ လိင်ပိုင်း ဆိုင်ရာ အဓမ္မပြုကျင့်မှုတွေ ဖြစ်ပွားလာရင် ကျေးရွာနဲ့ ကျေးရွာအုပ်စုအဆင့်မှာပဲ လျော်ကြေးငွေပေးပြီး အမှုကို ဖြေရှင်းလိုက်ကြတာ ဖြစ်ပါတယ်။ တကယ်တော့ ရာဇဝတ်မှုဆိုတာ လျော်ကြေးငွေပေးရုံနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ပြစ်ဒဏ်ချမှတ်ရာမှာ ငွေဒဏ်အစား ထောင်ဒဏ်ချမှတ်တာမျိုး ရှိနိုင်ပေမယ့် ထောင်ဒဏ်အစား ငွေဒဏ်ပေးပြီး ဖြေရှင်းတာမျိုးကတော့ လုံးဝမဖြစ်သင့်ပါဘူး။ ဒါပေမယ့် တချို့ကျေးရွာ တွေမှာတော့ ဒီလိုပြစ်မှုတွေကို လျော်ကြေးငွေပေးပြီး ကျေအေးလိုက်ကြတာမျိုး ရှိနေပါတယ်။
မေး – အခုဖြစ်ပွားခဲ့တဲ့ အမှုတွေနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေက အမှန်တရားကို သိရှိချင်ကြသလို သူတို့ရဲ့အသံတွေလည်း ထွက်ပေါ်လာနေတယ်ပေါ့နော်။ အဲဒီတော့ ဒီလိုဖြစ်စဉ်မျိုးတွေ နောက်ထပ်မဖြစ်ပွားလာအောင် ဘာတွေ လုပ်ဆောင်သင့်တယ်လို့ မြင်ပါသလဲ။
ဖြေ – ရှေ့ဆက်မှာ ဒီလိုဖြစ်စဉ်မျိုးတွေ ထပ်မဖြစ်ပွားလာအောင် ကျမတို့ လုပ်ဆောင်သင့်တဲ့ အရေးကြီး ဆုံးအချက်ကတော့ ကျမတို့ဒေသမှာ ဘယ်လိုအမှုမျိုးပဲဖြစ်ဖြစ်၊ လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်စေ၊ ပြည်သူတွေရဲ့ အခွင့်အရေးချိုးဖောက်မှုတွေဖြစ်စေ ဖြစ်ပွားလာ တဲ့အခါမှာ အနီးစပ်ဆုံးရှိတဲ့ ကျေးရွာနဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေက ဖြစ်စဉ်တွေကို သေချာမှတ် တမ်းယူပြီး မြို့နယ်အဆင့်ကို တင်ပြပေးဖို့ လိုအပ်ပါတယ်။ မြို့နယ်တာဝန်ရှိသူတွေကလည်း ဒီအမှုတွေနဲ့ ပတ်သက်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ ကျမတို့ မျှော်လင့်ပါတယ်။
လက်ရှိမှာတော့ လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေ၊ ပြည်သူတွေရဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားလာတဲ့အခါ ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာတွေ သိပ်မတွေ့ရပါဘူး။ တချို့ကလည်း ‘ဒီအမှုက ငါနဲ့မဆိုင်ဘူး’ ဆိုတဲ့ အတွေးအခေါ်မျိုး ရှိကြပါတယ်။ တကယ်တော့ အဲဒီလို မတွေးသင့်ပါဘူး။ အဲဒီလိုသာ တွေးနေကြမယ်ဆိုရင် ဒီလိုအမှုတွေက ဆက်တိုက်ဖြစ်ပွားနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေဟာ ကျမတို့အားလုံးနဲ့ သက်ဆိုင်တဲ့ တာဝန်တစ်ခုဖြစ်တယ်လို့ သဘောထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ကျေးရွာခေါင်းဆောင်တွေနဲ့ ကျေးရွာအုပ်စု ခေါင်းဆောင်တွေအနေနဲ့လည်း ကိုယ့်ရွာသားတွေကြားမှာ အမှုတစ်ခုခု ဖြစ်ပွားလာရင် တာဝန်ယူဆောင်ရွက် ပေးဖို့ လိုအပ်ပါတယ်။ ရွာသားတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရတာမျိုး ရှိလာရင်လည်း ဖြစ်စဉ်တွေကို သေချာမှတ်တမ်းယူပြီး သက်ဆိုင်ရာအထက်အဆင့်ကို တင်ပြပေးရမှာ ဖြစ်ပါတယ်။
အမှုတွေ ဖြစ်ပွားလာတဲ့အခါ ပြစ်မှုကျူးလွန်သူဟာ တပ်ဖွဲ့ဝင်ပဲဖြစ်ဖြစ်၊ အာဏာပိုင်ပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အရေးယူဆောင်ရွက်မှုတွေကိုလည်း ပြည်သူလူ ထုအနေနဲ့ ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှသာ ပြစ်မှုကျူးလွန်သူတွေအနေနဲ့ နောက်တစ်ကြိမ် ထပ်မံကျူးလွန်ဖို့ မရဲတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမှသာ ဒီလိုအမှုတွေ လျော့နည်းပပျောက်သွားမှာ ဖြစ်ပါတယ်။
တကယ်လို့ ‘သူ့ကို ဒီလိုလေး နမ်းမိသွားတာပဲ၊ ဘာမှ ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး’ ဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားလိုက်မယ်ဆိုရင် ပြစ်မှုကျူးလွန်သူကို နောက်ထပ်ကျူးလွန်ဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားမှာပါ။ ဒါကြောင့် ဒီလိုကိစ္စတွေကို ပေါ့ပေါ့တန်တန် သဘော မထားသင့်ပါဘူး။ ကျမတို့အားလုံး ကိုယ့်တာဝန်ကိုယ်ယူပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုဖြစ်စေ၊ တခြားဘယ်လိုအမှုမျိုးပဲဖြစ်ဖြစ် ဖြစ်ပွား လာတဲ့အခါ အနီးစပ်ဆုံးရှိတဲ့ ကျေးရွာခေါင်းဆောင်တွေက ဖြစ်စဉ်တွေကို သေချာမှတ်တမ်းယူပြီး ကိုယ့်ပြည် သူတွေ၊ ရွာသားတွေကို ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာအဆင့်ဆင့်နဲ့ ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ်ပြီး ဒီလိုအမှုတွေလည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။
မေး – နောက်ဆုံးအနေနဲ့ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဘာများ ထပ်မံဖြည့်စွက်ပြောကြားချင်ပါသလဲ။
ဖြေ – မြို့နယ် KWO နဲ့ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူတွေကို ကျမအနေနဲ့ အားပေးပြောကြားချင်တာကတော့ လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေဖြစ်စေ၊ လူ့အခွင့် အရေးချိုးဖောက်မှုတွေဖြစ်စေ ဒီလိုအမှုတွေ ဖြစ်ပွားလာတဲ့အခါ တိုင်ကြားတင်ပြဖို့ မကြောက်ကြပါနဲ့။ ပြစ်မှုကျူးလွန်သူဟာ တပ်ဖွဲ့ဝင်ပဲဖြစ်ဖြစ်၊ အုပ်ချုပ်ရေးတာဝန်ရှိသူပဲဖြစ်ဖြစ်၊ အာဏာရှိသူပဲဖြစ်ဖြစ် ပြစ်မှုကျူးလွန်ခဲ့ရင် သက်ဆိုင်ရာဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအမှုတွေကို တိုင်ကြားတင်ပြဖို့ မကြောက်ကြပါနဲ့။ ရဲရဲဝံ့ဝံ့ တင်ပြကြပါ။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်းတိုင်းမှာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဘယ်သူမှ ဥပဒေအထက်မှာ မရှိသင့်ပါဘူး။ အမှန်တရားကို တင်ပြပြောဆိုတဲ့အတွက်ကြောင့် တင်ပြသူတွေကို ထိခိုက်နာကျင်အောင် လုပ်တာ၊ သတ်ဖြတ်တာမျိုးတွေ လုပ်ပိုင်ခွင့်မရှိပါဘူး။ ကျမတို့ ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတစ်နိုင်ငံ တည်တံ့ခိုင်မြဲပြီး ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့အတွက် တရားဥပဒေစိုးမိုးရေးဟာ အလွန်အရေးကြီးပါတယ်။
ဒါကြောင့် တရားဥပဒေစိုးမိုးမှုရှိလာဖို့ ကျမတို့အားလုံး ကိုယ့်တာဝန်၊ ကိုယ့်ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဖိနှိပ်မှုအမျိုးမျိုး ကြုံတွေ့ခံစားနေရတဲ့ အမျိုးသမီး တွေနဲ့ ကလေးသူငယ်တွေ လွတ်မြောက်နိုင်ဖို့၊ အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ စိတ်အားထက်သန်တဲ့ အမျိုးသမီး တွေအနေနဲ့လည်း ကျမတို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) နဲ့ လာရောက်ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ ကျမတို့ KWO အနေနဲ့လည်း သူတို့အားလုံးအတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ်။


















