အောက်တိုဘာ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၊ သထုံခရိုင်/တပ်မဟာ ၁၊ ကျိုက်ထိုမြို့နယ်အတွင်း အောက်တိုဘာလ ၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်သဖြင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုနေ့၊ နေ့လယ် ၁၁ နာရီကျော်အချိန်တွင် အာဏာသိမ်းတပ်၏ တပ်မ (၄၄) ဌာနချုပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် လှမ်းပစ်ခတ်ခဲ့ရာ တကွီးပူ (ငှက်ပျောတော) ကျေးရွာအုပ်စု၊ ဇီးကုန်းရွာ အတွင်းသို့ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ လက်နက်ကြီး ထိမှန်မှုကြောင့် နေအိမ် ၁ လုံး ပျက်စီးခဲ့သည့်အပြင် နေအိမ်အတွင်းရှိ အသက် ၃ နှစ်အရွယ် မောင်ချစ်ကျော်လင်းမှာ လက်နက်ကြီးကျည်စထိမှန်ကာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ထို့အပြင် တစ်ချိန်တည်းတွင်ပင် အမြှောက်တပ်ရင်း (အမတ-၃၁၀) ကလည်း ၁၂၀ မမ လက်နက်ကြီး ၂ လုံးကို ထပ်မံပစ်ခတ်ခဲ့ရာ ဝေါ်ကလော် (ဝင်းကလော) ကျေးရွာအုပ်စု၊ မဲရုံးကြီးရွာ သုသာန်အနီး လုပ်ငန်းခွင်ခြံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅၀ အရွယ် ဦးကျော်စိုး (ခေါ်) သာကူ မှာ လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်ကလည်း တပ်မ (၄၄) ဌာနချုပ်က မဲရုံးကြီးရွာဘက်သို့ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သည့်အပြင် ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့သေးသည်ဟု သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ ဝင်းကလော၊ ဇီးပြောင်း (ပလိုခီး)၊ ဆောသူခီး (ကျောက်ဖျာ)၊ ဝေါ်ကေး (ဝင်းကံ)၊ ခရယ် (ခရွဲ) နှင့် တကွီးပူ (ငှက်ပျောတော) ကျေးရွာအုပ်စုတို့တွင် စက်တင်ဘာလ ၂၂ ရက်မှစ၍ အောက်တိုဘာလ ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အာဏာသိမ်းစစ်တပ်က နေ့စဉ် လက်နက်ကြီးများနှင့် လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ရှိနေသကဲ့သို့ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများသည်လည်း ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ထွက်ပြေးနေကြရကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။


















