Home သတင်း ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်အတွင်း စစ်အုပ်စုစစ်ကြောင်း ထိုးနေပြီး အရပ်သား(၃)ဦး ပစ်သတ်ခံထားရ

ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်အတွင်း စစ်အုပ်စုစစ်ကြောင်း ထိုးနေပြီး အရပ်သား(၃)ဦး ပစ်သတ်ခံထားရ

14
Photo: Social Media

စက်တင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင်ထဲရှိ ကျေးရွာများတွင် ယခုစက်တင်ဘာလအတွင်း စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်နေပြီး ယနေ့၊ စက်တင်ဘာ(၁၀)ရက်နေ့ မနက်ပိုင်းအထိ အမျိုးသမီး(၁)ဦးအပါအဝင် အရပ်သား(၃)ဦး ပစ်သတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာ သို့ စက်တင်ဘာ(၈)ရက်နေ့မှ စတင်ဝင်ရောက်လာသည့် အင်အား(၁၀၀)ကျော်ပါ စစ်အုပ်စုစစ်ကြောင်းသည် ပြင်းထိန်မှ ဝေဒီ၊ ကုန်းဇရပ်၊ မဲမော် စသည့်ကျေးရွာများသို့ ဆက်လက်လှည့်လည်နေခြင်း ဖြစ်သည်။

ယနေ့မနက်ပိုင်းက ကုန်းဇရပ်နှင့်မဲမော်ရွာသို့ ၎င်းစစ်ကြောင်း ရောက်ရှိလာစဥ် အရပ်သား(၃)ဦး ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု လောင်းလုံးမြို့နယ်နေထိုင်သည့် ဒေသခံများကပြောသည်။

“ကုန်းဇရပ်ရွာကိုဝင်တာ အဲ့ဒီရွာမှာနေတဲ့ အဖိုးကြီးက အသက်(၉၀)လောက်ရှိပြီ၊ သူ့လည်ပင်းကိုပစ်သတ်သွားတယ်။ အဲဒီကနေ မဲမော်ကိုဆက်သွားတော့ ဖုန်းငွေဖြည့်ကတ်လာဝယ်တဲ့ သမီးရည်းစားလူငယ်(၂)ယောက်ပါ ထပ်ပစ်သတ်ခံရတယ် ဒီနေ့တစ်မနက်ထဲပဲ” ဟု လောင်းလုံးနေ ဒေသခံအမျိုးသားက ပြောသည်။

ထို့အပြင် အဆိုပါစစ်အုပ်စုစစ်ကြောင်းသည် ကုန်းဇရပ်ရွာရှိ ဒေသခံနေအိမ်(၁)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။ သေဆုံးသူများမှာ ထွက်ပြေးချိန်မရတော့သဖြင့် ပိတ်မိသတ်ဖြတ်ခံခြင်းဖြစ်သလို လက်ရှိတွင် ရွာထဲစစ်ကြောင်းဝင်လာမှုကြောင့် ကျန်ရွာခံများလည်း တိမ်းရှောင်နေရသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။

ထို့အတူ ပြီးခဲ့သည့် စက်တင်ဘာ(၇)ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်အုပ်စုစစ်ကြောင်း ထပ်မံဝင်ရောက်လာရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သရက်ချောင်းမြို့ခံများက ဆိုသည်။

နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက “စစ်ကြောင်းပြန်ရောက်လာပြီ။ သရက်နှစ်ခွတို့ သင်းကျွန်းတို့ဘက်ကို ဝင်သွားတယ်။ အခုတစ်ခေါက်ကတော့ ထွေထွေထူးထူးမဖြစ်ဘူး။ ဒါပေမဲ့ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်တယ်။ အဲဒါပြီးတော့ ဒီမနက်ပဲပြန်ထွက်သွားတာ ကလိန်အောင်ကလာတဲ့စစ်ကြောင်းပါ” ဟု ကေအိုင်စီကို ပြောသည်။

ရွာခံများပြောပြချက်အရ သရက်ချောင်းမြို့နယ်အတွင်း ဩဂုတ်လတုန်းကလည်း စစ်အုပ်စုစစ်ကြောင်းထိုးဝင် လာခြင်းရှိပြီး ၎င်းတို့နှင့်မျက်နှာချင်းတိုးသည့် ဥတ္တူရွာရှိ အရပ်သားလူငယ်(၁)ဦး သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသည်။

လောင်းလုံးတွင်မူ အလားတူဖြစ်ပွားခဲ့ပြီးနောက် လက်ရှိ စစ်အုပ်စုစစ်ကြောင်းမှာ သဗျာရွာမှစ၍ ခြေရာပျောက်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းတွင်လည်း မကြာခဏဆိုသလို စစ်အုပ်စုစစ်ကြောင်းထိုးနေသည့် တနင်္ဿာရီတိုင်းဒေသကြီးထဲတွင် နယ်မြေပဋိပက္ခကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ဒေသခံစုစုပေါင်း (၁)သိန်းနီးပါးရှိနေပြီး အရပ်သား(၁၁)ဦး ထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း FE5 Tanintharyi အဖွဲ့က မှတ်တမ်းတင်ထားသည်။