စက်တင်ဘာ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့်ဩဂုတ်လအတွင်း ကလေးငယ် (၁) ဦး သေဆုံးပြီး ဒေသခံ (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခရိုင်က ပြုစုထုတ်ပြန်သည့် လချုပ်စာရင်း၌ ဖော်ပြသည်။
ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းနှင့် ငှက်ပျောတောရွာတို့တွင် ဩဂုတ်လအတွင်း စစ်အုပ်စုက ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျည်စထိမှန်၍ အရပ်သားဒေသခံများ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ထိုစာရင်းကဆိုသည်။
သေဆုံးသူများတွင် ဇီးပြောင်းရွာမှ အသက် (၅) နှစ်အရွယ် ကလေးငယ် (၁) ဦး ပါဝင်သည်။ ထို့အပြင် အမျိုးသမီး (၂)ဦး အပါအဝင် အသက်(၁၇)နှစ်မှ (၄၀)နှစ် အရွယ် ကြားရှိ လူငယ်အမျိုးသား (၁၁)ဦး၊ အသက် ၉ နှစ် အရွယ်နှင့် အသက် ၁၄ နှစ်အရွယ် ကလေးများ၊ စုစုပေါင်း(၁၃)ဦးမှာ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ်လအတွင်း လက်နက်ကြီးပေါက်ကွဲစထိမှန်မှုအတွင်း အရပ်သားနေအိမ် (၂) လုံးထိခိုက် ပျက်စီးမှုရှိခဲ့သည်။ ထိုပစ်ခတ်မှုများကို စစ်အုပ်စု၏ အမှတ်(၃၁၀) နှင့် အမှတ်(၄၄) အမြောက်တပ်ရင်းတို့ကလုပ်ဆောင်ခဲ့ကြောင်းလည်း သထုံခရိုင်က ဖော်ပြသည်။

ထို့အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်အုပ်စု အကြား နှစ်ဖက်တိုက်ပွဲ (၁၄) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၅) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သထုံခရိုင် တာဝန်ရှိသူများထံမှ သိရသည်။
ကျိုက်ထိုမြို့နယ်ထဲတွင် စစ်အုပ်စု၏ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်များ မကြာခဏဖြစ်ပွားနေသလို ယခု စက်တင်ဘာလ (၆) ရက်နေ့ကလည်း ညောင်ထောက်ရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့၍ အသက်(၁၀)နှစ်အရွယ် ရွာခံမိန်းကလေးငယ်(၁)ဦး လက်နက်ကျည်ထိမှန်ကာ သေဆုံးခဲ့သေးသည်။
ကေအဲန်ယူ၏မှတ်တမ်းအရ ပြီးခဲ့သည့် ဇွန်နှင့်ဇူလိုင်လအတွင်း တပ်မဟာ(၁)နယ်မြေထဲသို့ စစ်အုပ်စုက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း(၁၈)ကြိမ်လုပ်ဆောင်ခဲ့ရာ အရပ်သား(၅)ဦး သေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


















