Home သတင်း တိုင်းနှင့်ပြည်နယ် (၅) ခုတွင် ရေဘေးသင့်သူ ၁.၃ သန်းခန့်ရှိသော်လည်း အချို့ဒေသများသို့ ကူညီကယ်ဆယ်ရေး မရောက်ရှိသေး

တိုင်းနှင့်ပြည်နယ် (၅) ခုတွင် ရေဘေးသင့်သူ ၁.၃ သန်းခန့်ရှိသော်လည်း အချို့ဒေသများသို့ ကူညီကယ်ဆယ်ရေး မရောက်ရှိသေး

16
Photo: Social Media

ဩဂုတ် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းနှင့်ပြည်နယ် (၅) ခုတွင် ယခု ရေကြီးသည့်ကာလအတွင်း ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်း (၁.၃ သန်း) ခန့် ရှိနိုင်သော်လည်း အချို့နေရာများတွင် စစ်အုပ်စုက ကူညီကယ်ဆယ်မှုများ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း ISP Myanmar ၏ ဩဂုတ်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူများသည် ယခင်နှစ်များက ကြုံတွေ့ခဲ့ရသည့် ရေဘေးဒဏ်များကြောင့် လူမှုစီးပွားအရင်းအနှီးများ နည်းပါးနေသည့်အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် နှစ်စဉ် ရေဘေးကြုံတွေ့နေရသော်လည်း မင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအနေဖြင့် ကြိုတင်ကာကွယ် ပြင်ဆင်ထားမှုများ လွန်စွာအားနည်းနေဆဲဖြစ်ကြောင်း ISP Myanmar က ထောက်ပြထားသည်။

အဆိုပါ ရေဘေးသင့်ဒေသအချို့သို့ အကူအညီနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ မရောက်ရှိသည့်အတွက် ဒေသခံပြည်သူများသည် ကိုယ်ထူကိုယ်ထ စနစ်ဖြင့်သာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြရသည်။

ဇူလိုင်လ (၁၀) ရက်နေ့မှ ဩဂုတ်လ (၁၁) ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ် (၄၁) မြို့နယ်တွင် ရေဘေးဒဏ် ခံနေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ Myanmar Information Management Unit (MIMU) နှင့် ISP Myanmar တို့၏ စုဆောင်းထားသော အချက်အလက်များအရ သိရသည်။

စစ်အုပ်စု၏ ထုတ်ပြန်ချက်တွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ရေဘေးကြောင့် ထိခိုက်သူ လူဦးရေ ၃၉,၀၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။ သို့သော်လည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများ၏ ရေဘေးသင့်မှု အချက်အလက်များကိုမူ စစ်အုပ်စုဘက်က ထုတ်ပြန်ပေးခြင်း မရှိသလောက် အာရုံစိုက်မှု နည်းပါးနေကြောင်းလည်း ISP Myanmar က ထောက်ပြထားသည်။

အလားတူ NUG ၏ ထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့၌ ရေဘေးသင့်ပြည်သူ လေးသိန်းကျော်ရှိကြောင်း ဖော်ပြထားပြီး မြန်မာနိုင်ငံ အရေးပေါ်တုံ့ပြန်ရေး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (MERCU) ကလည်း ပြည်နယ်နှင့်တိုင်း (၄) ခုတွင် ရေဘေးသင့်ပြည်သူ ၄၅၀,၀၀၀ (လေးသိန်းငါးသောင်း)ကျော် ရှိကြောင်း ဩဂုတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တစ်ဖက်တွင်လည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်မက်ပဋိပက္ခများ၊ စစ်ဘေးရှောင်ရမှု၊ စီးပွားရေးကျပ်တည်းမှုနှင့် ကုန်ဈေးနှုန်း မြင့်မားမှုများ၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် လူဦးရေ ၁၂ ဒသမ ၄(၁၂.၄)သန်းခန့်မှာ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်လွယ်သည့် ပြည်သူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း အကူအညီများကို စစ်အုပ်စု ထိန်းချုပ်ဒေသဖြစ်သည့် ရေကာတာကျိုးပေါက်ခဲ့သော ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း၌သာ ရိက္ခာဖြန့်ဝေပေးနိုင်ခဲ့သေးကြောင်း WFP က ဆိုသည်။

လက်ရှိ ကြုံတွေ့နေရသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုမဆိုးရွား လာစေရန်အတွက် ရေဘေးသင့် မိသားစုများထံသို့ ကူညီကယ်ဆယ်ရေး ပစ္စည်းများ အဟန့်အတားမရှိ အချိန်မီ ရောက်ရှိရန် လွန်စွာအရေးကြီးကြောင်းလည်း WFP က သတိပေးနှိုးဆော်ထားသည်။