သြဂုတ် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက် ဖလူးတိုက်ပွဲနယ်မြေအနီး လမ်းခုလတ်တွင် သောင်တင်နေသည့် ကားအား ပြန် လည်ဆွဲထုတ်ရန် သွားရောက်စဉ် ပျောက်ဆုံးသွားသည့် အရပ်သား (၇) ဦးသည် တစ်လ ကျော်ကြာမြင့်သည်အထိ အဆက်အသွယ် ပြန်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
ပျောက်ဆုံးသွားသူများသည် သေ့ဘောဘိုးကျေးရွာအုပ်စု၊ ဝါးမီထကျေးရွာတွင် နေထိုင်သည့် ဒေသခံများဖြစ်ကြပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် မြဝတီတောင်ဘက် ဖလူး-မဲကနယ် တိုက်ပွဲရှောင်တောလမ်းတစ်နေရာ၌ တိမ်းမှောက်၍ သောင်တင်နေသော ကားကို အခြားကားတစ်စီးဖြင့် ပြန်လည်ဆွဲထုတ်ရန် သွားရောက်စဉ် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အရပ်သားလူငယ် (၇) ဦးကို စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သတင်းကြားသိရပြီး ယနေ့အချိန်ထိ အဆက်အသွယ် ပြန်မရသေးသည့်အတွက် မိသားစုဝင်များစိုးရိမ်မှု မြင့်တက်လျက်ရှိသည်။
ပျောက်ဆုံးသွားသည့် လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက “ကားက အဲမှာဗွက်တောထဲနစ်တော့ ထွန်စက်နဲ့ ပြန်ဆွဲထုတ်ဖို့ လူစုပြီးသွားတာ။ ဆင်းသွားတဲ့အချိန်မှာအဲဒီလမ်းပိတ်တာကို မသိရတော့ အေးဆေးသွားတာ။ တစ်ရက်ပြီးတစ်ရက်ပျောက်ပြီး ပြန်မလာတော့စိတ်ပူပြီး လိုက်မေးကြည့်တော့ စစ်တပ်က ဖမ်းလိုက်တယ်လို့ ပြောကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပျောက်ဆုံးသွားသူများကို စစ်အုပ်စုတပ်က သတ်ဖြတ်လိုက်ပြီဟု ပြောဆိုမှုများရှိနေသလို အာဏာသိမ်းစစ်တပ်နှင့် ပူးတွဲစစ်ရေးဖော်ဆောင်နေသည့် နယ်ခြားစောာင့်တပ်(BGF) တပ်ဖွဲ့ဝင်အချို့ကမူ ထိုအရပ်သားများသည် မသေဆုံးသေးဘဲ ဖမ်းဆီးထားဆဲဖြစ်ကာ ငွေနှင့် ပြန်ရွေးရန် ပြောဆိုမှုများရှိကြောင်း ကျေးရွာတာဝန်ရှိသူများက ပြောဆိုကြသည်။
“BGF တပ်ဖွဲ့ဝင်တချို့နဲ့ချိတ်တော့ ရှိသေးတယ်လို့ ပြောတယ်။ ငွေနည်းနည်းပါးပါး ပြန်ရွေးရမယ်ဆိုပြီး ပြောကြတယ်။ သူတို့လည်းတစ်ဆင့်ခံဘဲကြားတာ၊ ဒါပေမယ့် ရှိသေးရင် ပုံပြဆိုလည်း ဘယ်သူမှမပြနိုင်တော့ အဲဒီသတင်းကလည်း အတည်ပြုမရသေးဘူး” ဟု ဝါးမီထကျေးရွာ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောဆိုသည်။
ပျောက်ဆုံးသွားသည့် ဝါးမီထ ဒေသခံ (၇) ဦးမှာ အသက်(၁၄)နှစ်အရွယ် စောခါးခါး၊ အသက်(၂၀)အရွယ် စောကိန်ကုလားနှင့် စောသန်းဇော်လင်း၊ အသက်(၂၁)အရွယ် စောငြိမ်းချမ်း၊ အသက်(၂၇)အရွယ် ကားမောင်းသူ ထားဝယ်၊ အသက်(၃၄)အရွယ် စော်မော်ကား(ခေါ်)စောကျော်ဝင်းနိုင်နှင့် အသက်(၄၆)အရွယ် စောမောင်အေးသောင်းတို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း အဆိုပါတောလမ်းပေါ်တွင် မြဝတီမြို့သို့ ကုန်ပစ္စည်းသွားဝယ်သည့် အရပ်သားကားတစ်စီး စက်ပျက်နေ၍ လမ်းကြုံသည့် DKBA (ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်) ကားတစ်စီးမှ ကူညီတွန်းပေးနေစဉ် စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနှင့် DKBA တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။



















