ဇွန် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် ဝီယန်ကန် (Wiang Kaen) မြို့နယ်တွင် အာဏာပိုင်များကို လာဘ်ထိုးပြီး G Code မှအဆင့်မြှင့်၍ရသော ဆယ်နှစ်ခံကတ်များတရားမဝင်ပြုလုပ်သည့်အပေါ် စုံစမ်းစစ်ဆေးရန် “Operation Gray G Crackdown” အမည်ရ စစ်ဆင်ရေးပြုလုပ်နေကြောင်း ထိုင်းပြည်ထဲရေးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနတို့မှ ထုတ်ပြန်သည်။
ရွှေ့ပြောင်းလုပ်သားများ၏ ထိုင်းနိုင်ငံဖွား ကလေးငယ်များ၊ ထိုင်းနိုင်ငံထဲတွင် ရာစုနှစ်ချီနေထိုင်လာသည့် တိုင်းရင်းသား ကလေးငယ်များ ပညာရေးအတွက် ထိုင်းအစိုးရထုတ်ပေးထားသော G Code များမှာ တရားဝင်နေထိုင်ခွင့် ဆယ်နှစ်ခံကတ်အဖြစ် အဆင့်မြှင့်တင်၍ရပြီး ၎င်းအပေါ် တရားမဝင်ခိုးယူသုံးစွဲမှုများ လုပ်လာသဖြင့် အာဏာပိုင်အဖွဲ့စုံက ဝင်ရောက်စစ်ဆေးနေခြင်းဖြစ်သည်။
ယင်းလုပ်ရပ်သည် ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများနှင့် နိုင်ငံမဲ့ကလေးများကို အကူအညီပေးရန် ရည်ရွယ်ထားသည့် စနစ်ကို အလွဲသုံးစားပြုရာရောက်သလို ပညာသင်ကြားခွင့်နှင့် ဥပဒေရေးရာ အခွင့်အရေးများကိုပါ ထိခိုက်သွားစေနိုင်ကြောင်း သတိပေးထားသည်။
ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) ၏ စုံစမ်းမှုမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က သဘာဝနယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသားတစ်ဦးကို ဖမ်းဆီးမိရာမှတဆင့် အစပြုသည်ဟု သိရသည်။
ထိုစဥ်က ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါနိုင်ငံခြားသားအား ဘတ်ငွေ ၁၄၀,၀၀၀ နှင့်အတူ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးပြီးနောက် မှတ်ပုံတင်မရှိသူများအတွက် သက်သေခံကတ်ပြားများလုပ်ပေးဖို့ဖြစ်ကြောင်း ၎င်းကထွက်ဆိုခဲ့သည်။

ယင်းနောက် ချင်းရိုင်၊ ဝီယန်ကန်မြို့နယ်ရှိ ကျောင်းပြင်ပပညာရေးစနစ် ကောစောနော (Non-Formal Education)ကျောင်းမှ ကျောင်းသားများအတွက် ထုတ်ပေးသည့် G Code များကို ၂၀၁၈ ခုနှစ်ကတည်းက ခိုးယူသုံးစွဲပြီး ဆယ်နှစ်ခံအဆင့်မြှင့်ပြောင်းလဲထားသော ပုဂ္ဂိုလ်(၄)ဦးကို DSI က ခြေရာခံမိခဲ့ကြောင်း ဖော်ပြသည်။
DSI ၏စုံစမ်းချက်အရ ထိုအထဲတွင် မြန်မာနိုင်ငံသားများလည်းပါဝင်နေပြီး ၎င်းတရားမဝင်နိုင်ငံခြားသားများမှာ ကောစောနောတွင် အမှန်တကယ် ကျောင်းမတက်ခဲ့ဘဲ မှတ်ပုံတင်အရာရှိလက်ထောက်အဖြစ် တာဝန်ယူခဲ့သူ ဒုတိယမြို့နယ်ဦးစီးမှူးဟောင်းထံတွင် စာရွက်စာတမ်းကြေးအဖြစ် လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ပေးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပညာရေးကုတ်များခိုးယူပြီး ဆယ်နှစ်ခံကတ်ပြုလုပ်သည့်ကိစ္စမှာ ဘဏ်အကောင့်များဖွင့်လှစ်၍ နယ်စပ်ဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများတွင် အသုံးချလို၍ဖြစ်ကြောင်းလည်း စစ်ဆင်ရေး အာဏာပိုင်များကသုံးသပ်သည်။
ထို့အတူ နိုင်ငံ့ဝန်ထမ်းများ အခြားပုံစံဖြင့်လာဘ်စားခြင်းရှိမရှိ ဆက်လက်စိစစ်သွားမည်ဖြစ်သလို ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ စစ်ဆေးရေးတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Operation Gray G Crackdown စစ်ဆင်ရေးတွင် DSI အပါအဝင် ပြည်ထဲရေးဌာန၊ ၊ ထိုင်းရဲတပ်ဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပါဝင်လုပ်ဆောင်နေသည်။ ထို့အပြင် အမှုအတွင်းပါဝင်ပတ်သက်မှုရှိကြောင်း သံသဃရှိသူ အရာရှိအချို့နှင့် နိုင်ငံခြားသားများ စုစုပေါင်း (၂၂) ဦးကို ဖမ်းဝရမ်းထုတ်၍ ၈ ဦးကိုလည်း ထိုင်းအာဏာပိုင်များက လက်ဝယ်ဖမ်းဆီးထားခြင်းရှိသည်။



















