မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖာပွန်မြို့ကို ပြန်လည်ထိန်းချုပ်ရန်နှင့် ပိတ်ဆို့တိုက်ခိုက်ခံရသည့် ဖာပွန်ဗျူဟာစခန်းကုန်းသို့ စစ်ကူပေးရန် တက်လာသော စစ်အုပ်စုစစ်ကြောင်းသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်နှင့် ဖာပွန်မြို့မိုင်(၄၀)ခန့်အကွာရှိမောလော်ကလိုး (ရေပူ) ကျေးရွာ အနီးတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း တပ်မဟာ(၅) ကေအဲန်ယူ သတင်းအရင်းအမြစ်မှ သိရသည်။
အင်အား(၂,၀၀၀)ကျော်ရှိ အဆိုပါ စစ်ကြောင်းသည် မေလ (၅)နှင့်(၆)ရက်နေ့တွင် မြိုင်ကြီးငူမှတစ်ဆင့် ကမမောင်းမြို့သို့ ဖြတ်သန်းလာခြင်းဖြစ်ရာ ယခင်က KNLA ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ဝါဒူးကျေးရွာမှ ရှေ့မတိုးနိုင်ခြင်းဖြစ်ပြီး လက်ရှိတွင် ဝါးဒူးကိုကျော်လွန်၍ ဖာပွန်မြို့နှင့် မိုင်(၄၀)နီးပါး အကွာအဝေးသို့ရောက်လာခြင်း ဖြစ်သည်။
ထိုသို့ မောလော်ကလိုး(ရေပူ)ကျေးရွာအလွန် မိုင်(၄၀)သို့ ရောက်ရှိနေသော စစ်အုပ်စုစစ်ကြောင်းသည် KNLA ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်များနှင့် မေလ (၂၄) ရက်နေ့မှ (၂၇)ရက်နေ့အထိ အဆိုပါ နေရာတွင်ပင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု မူတြော်ခရိုင်ပြောရေးဆိုခွင့်ရှိသူ ပဒိုစောရော်ဘင်မူးက ပြောသည်။
၎င်းက “မနေ့ ၂၇ ရက်နေ့တုန်းက စစ်တပ် စစ်ကြောင်းက မိုင် ၄၀ နေရာမှာ ဆက်ရှိနေတုန်းပဲ။ တိုက်ပွဲကတော့ တစ်နေကုန်နီးပါးပဲ ဖြစ်တာ။ မနက် ၉ နာရီကနေစပြီး ဆက်တိုက်ပစ်တာ ညနေပိုင်းအထိပဲ။ သူတို့ဘက် ထိခိုက်မှုရှိတယ်လို့ သိရတယ်။ သိရသလောက် ၉ ယောက်လောက် ထိပြီး အဲ့ဒီထဲက ၇ ယောက်က ဒဏ်ရာ ပြင်းထန်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ နှစ်ဖက်တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနေသလို စစ်ကြောင်းတစ်လျှောက် လမ်းရှင်းသည့်အနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ပြီး အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းလိုင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလ (၂၁) ရက်နေ့တွင်လည်း ထိုစစ်ကြောင်းသည် ဝါသိုးထကျေးရွာသို့ ဝင်၍ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့သလို၊ မေလ (၂၅) ရက်နေ့တွင် ဖာပွန်-ကမမောင်းလမ်းကြောရှိ ကျောက်ကွင်း (လယ့်ကွယ်ဒို) ကျေးရွာရှိ လူနေအိမ် (၇၀) ခန့် မီးရှို့ ဖျက်ဆီးခဲ့သေးသည်။ ထို့အပြင် မဲကုလားကျေးရွာတွင်လည်း စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ်အများအပြား ပျက်စီးသွားခြင်း ရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။
လက်ရှိတွင် ဖာပွန်ဗျူဟာစခန်းကုန်းသို့ စစ်ကူပေးရန် တက်လာသည့် စစ်အုပ်စု စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး နှစ်ဖက်တိုက်ပွဲများကြောင့် ကျေးရွာ (၅) ရွာထက်မနည်း ဒေသခံလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။



















