Home သတင်း ကော့ကရိတ်ရှိ မီးလောင်ပျက်စီးနေအိမ်များ အိမ်ဆောက်ပစ္စည်းထောက်ပံ့ပေးသော်လည်း မျှတမှုမရှိ

ကော့ကရိတ်ရှိ မီးလောင်ပျက်စီးနေအိမ်များ အိမ်ဆောက်ပစ္စည်းထောက်ပံ့ပေးသော်လည်း မျှတမှုမရှိ

494
Photo: CJ

မေ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ပဋိပက္ခအတွင်း မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအနက် စုစုပေါင်း(၈၄) နေအိမ်အား ဦးစားပေးအနေဖြင့် ပြည်နယ်စစ်အုပ်စုက အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်းရှိသော်လည်း လက်တွေ့တွင် မျှတမှုမရှိကြောင်း ဒေသခံများကပြောသည်။

စစ်ရေးပဋိပက္ခအတွင်း ထိခိုက်ပျက်စီးခဲ့ရသည့် ကော့ကရိတ်မြို့ပေါ်ရှိ ရပ်ကွက်(၇)ခုမှ နေအိမ်ပေါင်း (၁,၅၅၄)အိမ် ရှိသည်။ ထိုအထဲတွင် ကနဦးအနေဖြင့် နေအိမ်(၈၄) လုံးကို အိမ်တစ်အိမ်လျှင် ဘိလပ်မြေ ၂၀ အိတ်နှင့်သွပ်အချပ် ၄၀ စီအား ပြီးခဲ့သည့် မေလ(၂၅)ရက်နေ့က ခွဲဝေပေးခဲ့ကြောင်း ပြည်နယ်စစ်အုပ်စုအသိုင်းအဝိုင်းက ပြောဆိုထားခြင်းဖြစ်သည်။

ထိုသို့ထောက်ပံ့ရာတွင် စစ်အုပ်စုဌာနဆိုင်ရာနှင့်နီးစပ်သူများကို ဦးစားပေးနေခြင်းရှိ၍ မမျှတဟု နေအိမ်ပျက်စီးထားသော်လည်း ထောက်ပံ့မှုမရသေးသည့် ကော့ကရိတ်မြို့ခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“တစ်အိမ်လုံးပျက်စီးတာမျိုးမဟုတ်ရင် အထိအခိုက်နည်းတဲ့သူတွေက ဘာမှမရဘူး။ ပြီးတော့ လူကြီးတွေနဲ့ရင်းနှီးတဲ့သူတွေ၊ ဌာနဆိုင်ရာနဲ့နီးစပ်တဲ့သူတွေ ဦးစားပေးသေးတယ်။ ကျမတို့အိမ်က တစ်အိမ်လုံး ပျက်ဆီးတာမဟုတ်ပေမယ့် နေလို့မရတော့ဘူး။ ပျက်စီးသွားတဲ့ အိမ်ခြေကလည်း အများကြီးဆိုတော့ အရမ်းကြီး မမျှော်လင့်ရဲသေးပါဘူး” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ထို့အပြင် ဒေသတွင်းသတင်းအရင်းအမြစ်ထံစုံစမ်းချက်အရ ကော့ကရိတ်မြို့ပေါ်တွင် ပဋိပက္ခအတွင်း လက်နက်ထိ၊ မီးလောင်ပျက်စီးသွားသည့်နေအိမ်များမှာ ရပ်ကွက်အလိုက်အနည်းအများရှိနေသည်။ ထိုအထဲတွင် အမှတ်(၅)ရပ်ကွက်က အခြေအနေအဆိုးဆုံးဖြစ်ပြီး နေအိမ်များကိုဖြိုချရန် ပြည်နယ်စစ်အုပ်စုက ကနဦးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြန်လည်တည်ဆောက်နေထိုင်မည့် အိမ်စာရင်းကောက်ယူရာတွင် နေအိမ်(၈၄)စာရင်း ကနဦးရရှိ၍ ဦးစားပေးထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု စစ်အုပ်စုရွေးကောက်ပွဲမှတက်လာသည့် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အသိုင်းအဝိုင်းက ပြောသည်။

ကော့ကရိတ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်က “အိမ်တွေဖျက်ပြီးရင်ပြန်နေမယ်၊ မီးလောင်သွားပေမယ့် ပြန်လည်မွမ်းမံပြီးနေမယ်ဆိုတဲ့အိမ်တွေ စာရင်းပေးလို့ တောင်းတော့ (၈၄) အိမ်ရှိတယ်။ သူတို့အတွက်ဦးစားပေးအနေနဲ့ထောက်ပံ့တာပါ။ နောက်အသုတ်တွေစာရင်းတက်လာရင်လည်း ထောက်ပံ့သွားဖို့ရှိပါတယ်။ နေအိမ်စုစုပေါင်း (၁,၅၅၄)လုံးလုံးကို ကျမတို့ထောက်ပံ့သွားမှာပါ” ဟု ကေအိုင်စီကို ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့အတွင်း ၂၀၂၄ ခုနှစ်ကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပါဝင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်အုပ်စုတို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ပြည်သူများမှာ နှစ်နှင့်ချီပြီး နေရပ်တိမ်းရှောင်ခဲ့ရသည်။

ထို့နောက် စစ်ရေးမငြိမ်မသက််မှုများအကြား ပြီးခဲ့သည့် ဧပြီလပိုင်းက ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးကို စစ်အုပ်စုက အရပြန်လည်ဖွင့်လှစ်ခဲ့သလို ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးဟုဆိုကာ မြို့တွင်းရှင်းလင်းရေးလုပ်ငန်းများအပါအဝင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန်ကိုပါ လုပ်ဆောင်ခြင်းရှိနေသည်။

စစ်အုပ်စု၏ နေအိမ်ဖြိုဖျက်၊ ပြန်လည်ဆောက်လုပ်ရန် ဖိတ်ခေါ်မှုများကြောင့် နေရပ်ပြန်လာသူအချို့ရှိသော်လည်း အချို့မှာ ကော့ကရိတ်မြို့နယ်အတွင်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခကြောင့် လက်ရှိအထိ အိမ်မပြန်ရဲဘဲ အခြေအနေစောင့်ကြည့်နေကြခြင်းလည်း ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။