Home သတင်း ဘန်ကောက်တွင် ကလေးလုပ်သား ခေါင်းပုံဖြတ်မှုဖြင့် မြန်မာဂိုဏ်းတစ်ခုကို ဖမ်းဆီး

ဘန်ကောက်တွင် ကလေးလုပ်သား ခေါင်းပုံဖြတ်မှုဖြင့် မြန်မာဂိုဏ်းတစ်ခုကို ဖမ်းဆီး

392
Photo: Bangkok Post

မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် မြန်မာကလေးငယ်တစ်ဦးကို ကလေးလုပ်သားအနေဖြင့် ခေါင်းပုံဖြတ် ခိုင်းစေ သော မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့ မေလ ၂၇ ရက်နေ့က ဖော်ထုတ်ဖမ်း ဆီးလိုက်သည် ဟု ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြရေးသားသည်။

အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးသည် အသက် ၆ နှစ်အရွယ် ကောင်လေးတစ်ဦးကို ဘန်ကောက်မြို့အနှံ့တွင် ကုန် ပစ္စည်းများအဓမ္မ လိုက်လံရောင်းချခိုင်းပြီး သတ်မှတ်ထား သည့်ရောင်းအား မပြည့်မီလျှင် ရိုက်နှက်ခြင်း နှင့် အစာ ငတ်ထားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကဆိုသည်။

အဆိုပါ ကလေးငယ်ကို လက်မောင်းတစ်ဖက်ကျိုးလျက် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ၎င်းကို အတင်းအဓမ္မ ခိုင်းစေခဲ့သူ မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၁ ဦးကို ကလေးသူငယ် နှင့် အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ဘန်ကောက်မြို့ရှိ စွမ်လွမ် (Suan Luang) ခရိုင် ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခဲ့သည်ဟု ဘန်ကောက်မြို့ရဲတပ်ဖွဲ့အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဆယမ်ဘွန်းဆွန် ကပြောဆိုခဲ့သည်။

ဒါ့အပြင် အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိသည့် နေအိမ်အတွင်းမှာလည်း နောက်ထပ် ကလေးငယ် ၅ ဦးကို ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်နိုင်ခဲ့ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ၏ အဆိုအရ အဆိုပါ ဖမ်းဆီးရမိသူများသည် ကလေးငယ်များအား မြို့တော်တစ်ခွင်ရှိ စား သောက်ဆိုင်များ နှင့် ဖျော်ဖြေရေး၊ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ နေရာများတွင် နေ့စဉ် မွန်းလွဲ ၃ နာရီကနေ မနက် ၃ နာရီအထိ ပန်းများနှင့် သကြားလုံးမုန့်များကို အဓမ္မ လိုက်လံရောင်းချခိုင်းခြင်းဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့ကြကြောင်း ပြောသည်။

ထို့အပြင် ခိုင်းစေခံရသည့် ကလေးငယ်များသည် သတ်မှတ်ထားသည့် ရောင်းအား မပြည့်မီပါက ၎င်းတို့အား ရိုက်နှက် ခြင်း နှင့် အစာငတ်ထားခြင်းတို့ ပြုလုပ်လေ့ရှိပြီး ပြစ်မှုကျူးလွန်ခံရသည့် ကလေးငယ်များသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုတွေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ လုပ်ဆောင်မှုများသည် ထိုင်းနိုင်ငံ၏ Child Protection Act ဥပဒေအရ ကလေးသူငယ်ညှင်းပန်းမှု နှင့် ပစ်ပယ်မှု၊ အခြေခံအခွင့်အရေး ပိတ်ပင်ခံရမှု၊ လူကုန်ကူးမှု၊ ကလေးလုပ်သားခိုင်းစေမှု၊ အတင်းအဓမ္မစေခိုင်းမှု၊ ပြင်းထန်စွာနာကျင်စေမှု စသည့် ပြစ်မှုများကို ကျူးလွန်ရာ ရောက်ပြီး ပြစ်မှုထင်ရှားပါက ကြီးလေးသည့် အပြစ်ဒဏ် ကျခံရဖွယ်ရှိကြောင်း ထိုင်းဥပဒေ၏ ဖော်ပြချက်များအရ သိရသည်။