မေလ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူများ၏ နေအိမ်နှင့် နွားလှည်းများ ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့တွင် စစ်အုပ်စု၏ တောင်ငူလေတပ်စခန်းမှ ဂျက်ဖိုက်တာ (၁) စင်းဖြင့် လယ်ဒိုမြို့နယ်အတွင်းရှိ ငဖယ်အင်းကျေးရွာအတွင်းသို့ ဗုံး (၂) လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ငဖယ်အင်းရွာသား စောပြည်ကျော်၏ နေအိမ် (၁) လုံးနှင့် နွားလှည်း (၂) စီးအပြင်၊ စောမောင်တိုး၏ နွားတင်းကုတ် (၁) လုံးနှင့် နွားလှည်း (၂) စီးတို့ ထိမှန်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်အတွင်းသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းလိုင်းများကို အသုံးပြုကာ အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထား၍ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ကေအဲန်ယူက ပြောသည်။
စစ်အုပ်စုတပ်၏ ထိုသို့သော အရပ်သားပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကြောင့် ဒေသခံ ပြည်သူလူထုမှာ နေ့စဉ်နှင့်အမျှ ဘေးအန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် နေထိုင်ဖြတ်သန်းနေကြရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။




















