Home သတင်း နမ်လာမြစ်ဝှမ်းဒေသ သတ္တုတူးဖော်မည့်စီမံကိန်း ဒေသခံကရင်တိုင်းရင်းသားများကန့်ကွက်

နမ်လာမြစ်ဝှမ်းဒေသ သတ္တုတူးဖော်မည့်စီမံကိန်း ဒေသခံကရင်တိုင်းရင်းသားများကန့်ကွက်

453
Photo: The Reporters

ဧပြီ (၂၆) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် မယ်လာနွဲ့မြို့နယ်၊ နမ်လာ(မယ်လာ)မြစ်ဝှမ်းဒေသတွင် ပုဂ္ဂလိက ကုမ္မဏီတစ်ခုက ဖလိုရိုက်(Fluorite) သတ္တုတူးဖော်မည့်စီမံကိန်း စီစဉ်နေသည့်အပေါ် ဒေသခံ ဌာနေကရင်တိုင်းရင်းသားများက ယနေ့ ဧပြီလ(၂၆)ရက်နေ့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်သည်။

သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်များ ထိခိုက်စေရုံသာမက ဌာနေတိုင်းရင်းသားများ၏ လူ့အခွင့်အရေး၊ ယဉ်ကျေးမှုများကိုပါ သက်ရောက်စေနိုင်သည့်အတွက် အဆိုပါစီမံကိန်းရပ်တန့်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့်ပူးပေါင်းကာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု The Reporters သတင်းက ဖော်ပြသည်။

တောင်းဆိုဆန္ဒထုတ်ဖော်ပွဲတွင် နမ်လာမြစ်ဝှမ်းဒေသနေထိုင်သည့် ဟွေ့မကောက်၊ ဟွေ့လာ၊ စန်တိစု၊ စန်တီဖတ်ထနာ၊ မယ်လာနှင့် ထုန်းပါခါ အစသည့်ရှိသည့် ကျေးရွာ(၆)ရွာမှ ဒေသခံ (၄၀၀)ကျော်က လမ်းလျှောက်ချီတက်ကာ ဆန္ဒထုတ်ဖော်ခြင်းလည်းဖြစ်သည်။

“ကျမတို့ရဲ့ အဓိကအသက်မွေးဝမ်းကျောင်းက စိုက်ပျိုးရေးပါ။ ဘိုးဘွားစဉ်ဆက်ကတည်းက မြေ၊ ရေ၊ တော တွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်စောင့်ရှောက်လာခဲ့တာပါ။ ဒီနေရာမှာ သတ္တုတွင်းရှိလာရင် ရေအရင်းအမြစ်တွေထဲမှာ ဓာတုပစ္စည်းတွေ ပျံ့နှံ့ညစ်ညမ်းလာမယ့် အန္တရာယ်ရှိသလို၊ လူထုရဲ့ ရှင်သန်ရပ်တည်မှုကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။

Photo: The Reporters

နမ်လာမြစ်ဝှမ်းတွင် ဖလိုရိုက်သတ္တု တူးဖော်ရန်အတွက် အဆိုပါပုဂ္ဂလိကကုမ္မဏီမှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက စတင်စီစဉ်နေခြင်းဖြစ်ပြီး စီမံကိန်းလည်ပတ်ဖို့ရန် လုပ်ငန်းခွင့်ပြုချက် စောင့်ဆိုင်းနေဆဲအခြေအနေဖြစ်ကြောင်းလည်း The Reporters က ဖော်ပြထားသည်။

သို့သော် ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တို့က မြစ်နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် အဆိုပါစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်နေကြခြင်းမှာ (၄)နှစ်ကြာရှိလာပြီ ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဒေသခံများကန့်ကွက်မှုရှိခဲ့သည့် ကရင်လူမျိုးအများစုနေထိုင်ရာ ချင်းမိုင်ခရိုင်၊ အွန်ကွိုင်(Omkoi) မြို့နယ်ထဲရှိ ကျောက်မီးသွေးစီမံကိန်းတစ်ခုကို လူ့အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုရှိကြောင်း တရားရုံးကအမိန့်ချမှတ်ခဲ့ပြီးနောက် ယာယီရပ်တန့်သွားရခြင်းလည်း ရှိခဲ့ဖူးသည်။