ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ရှိ ရပ်ကွက်ပေါင်း(၂၀)တွင် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းကို ထိန်းချုပ်ရန် လာမည့် ဖေဖော်ဝါရီ(၁၆)ရက်နေ့မှစတင်၍ အရေးပေါ် ကွင်းဆင်းခွေးရူးပြန် ကာကွယ်ဆေးထိုးပေးခြင်းအစီအစဥ် စတင်သွားမည်ဖြစ်ကြောင်း မဲဆောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတို့က အသိပေးကြေညာသည်။
ဆန်တွန်ပင်၊ ဘန်နူရာ၊ ဒွန်ချိုင်း၊ ပူဒန်း၊ မဲဆောက်ဗီလာ၊ ရူမ်ရဲန်း၊ မဏီဖရိုင်စွန်၊ ချွန်ဖွန်ဖတ်ထန၊ ဘန်ထုံ အစရှိသည်ဖြင့် ရပ်ကွက်(၂၀)ခုရှိ ရပ်ကွက်ရုံးနေရာ၊ ဘုန်းကြီးကျောင်းနှင့်ကျန်းမာရေးစင်တာနေရာတို့တွင် ဖေဖော်ဝါရီ၏(၁၆)ရက်မှ(၂၃)ရက်နေ့အထိ ကာကွယ်ဆေးထိုးပေးသွားမည်ဟု ကြေညာချက်တွင်ဖော်ပြသည်။
ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးမည့်အချိန်ကို နှစ်ပိုင်းသတ်မှတ်ထားပြီး မနက်ပိုင်းတွင် မနက်(၉) နာရီမှ(၁၂)နာရီအထိဖြစ်သည်။ နေ့လည်ပိုင်းတွင် (၁)နာရီမှ(၄)နာရီအထိ ဆက်လက်ဆေးထိုးပေးမည်ဖြစ်၍ အချိန်ဇယားအတိုင်း ကာကွယ်ဆေးလာရောက်ထိုးနှံကြရန် မဲဆောက်အာဏာပိုင်အဖွဲ့က အသိပေးထားသည်။
ထို့အပြင် ပုံမှန်ကာကွယ်ဆေးထိုးနေကျတိရစ္ဆာန်များအတွက် ကျန်းမာရေးဌာနကထုတ်ပေးထားသည့် မှတ်တမ်းစာအုပ်ယူဆောင်လာရမည်ဖြစ်ပြီး နေအိမ်တွင်မိမိကိုယ်တိုင် ဆေးထိုးနှံလိုသူများမှာ ရေခဲထည့်ထားသည့်အလုံပိတ် ရေခဲပုံးများဖြင့် တာဝန်ကျဝန်ထမ်းများထံ ဆေးတောင်းခံနိုင်ကြောင်း သိရသည်။
ကာကွယ်ဆေးလာထိုးချိန်တွင် တိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် မိမိတို့၏မှတ်ပုံတင် တပါတည်းယူဆောင်လာရမည်ဖြစ်သလို တိရစ္ဆာန်များကို သံကြိုးများ၊ လှောင်အိမ်များဖြင့် ချည်နှောင်၊ ထည့်သွင်းပြီးမှ လာရောက်ရန်ဖြစ်ကြောင်းလည်း အာဏာပိုင်အဖွဲ့က ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယအပတ်ကစ၍ မဲဆောက်မြို့ရှိလူနေရပ်ကွက်အချို့တွင် ခွေးရူးပြန်ရောဂါပိုး ကူးစက်မှုတွေ့ရှိသည်ဆိုကာ ရပ်ကွက် (၆) ခုကို တစ်လကြာ တိရစ္ဆာန်ကူးစက်ရောဂါဇုန်အဖြစ် မြို့နယ်အုပ်ချုပ်ရေးရုံးက အရေးပေါ်သတ်မှတ်ထားခြင်းဖြစ်သည်။
“မဲဆောက်မှာခွေးပေါတာ အဓိကမြန်မာတွေလေ။ နိုင်ငံခြားထွက်တဲ့သူတွေက စိတ်ချရတဲ့ အိမ်အပ်ထားတာရှိပေမယ့် လမ်းမှာဒီတိုင်းပစ်ထားတာများတယ်။ ပစ်ထားတဲ့ခွေးတွေကိုလည်း သပ်သပ်ဆေးထိုးပေးမယ်ကြားတယ်။ ထိုင်းရဲ့ဥပဒေအရတော့ ခွေးတွေကိုမသတ်လောက်ဘူး။ ဘန်ကောက်မှာလို စည်ပင်သာယာနယ်နိမိတ်ဆိုပြီး သတ်မှတ်လိုက်မလားပေါ့။” ဟု မဲဆောက်မြို့နေအမျိုးသမီးတစ်ဦးက ပြောသည်။
မဲဆောက် စည်ပင်သာယာ၊ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ကြေညာချက်တွင် ပိုင်ရှင်ရှိ တိရစ္ဆာန်များကိုသာ ကာကွယ်ဆေးထိုးပေးရန်ဖြစ်ပြီး ခွေးလေခွေးလွင့်များအတွက် ထည့်သွင်းဖော်ပြချက်မရှိပေ။
လတ်တလော မဲဆောက်မြို့၊ ရပ်ကွက်(၆)ခုတွင် တိရစ္ဆာန်ကူးစက်ရောဂါဇုန်သတ်မှတ်ထားသည့်ကာလမှာ ဖေဖော်ဝါရီ(၁၃)ရက်နေ့ကတည်းကဖြစ်ပြီး မတ်လ(၁၄)ရက်နေ့အထိ ဖြစ်သည်။ ၎င်းနယ်မြေရှိတိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် မိမိတို့တိရစ္ဆာန်များကို ခွင့်ပြုချက်မရှိဘဲ နယ်မြေရွှေ့ ပြောင်းခြင်းမလုပ်ရန် မြို့နယ်အုပ်ချုပ်ရေးပိုင်းက တားမြစ်ထားသည်။



















