ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါ်လ်မြို့မှာ ပြီးခဲ့သည့်ဇန်နဝါရီလ ၁၀ ရက်နေ့က ဒုက္ခသည် ကရင်အမျိုးသမီးတစ်ဦးကို အမေရိကန်လူဝင်မှုနှင့်အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့-ICE က ဖမ်းဆီးသွားကြောင်း အမေရိကန်ရောက်ကရင်အသိုင်းအဝိုင်းမှ သိရသည်။
အဆိုပါ ကရင်အမျိုးသမီးနေထိုင်သည့် တိုက်ခန်းအဆောက်အဦးသို့ ICE အာဏာပိုင်အဖွဲ့များက ဝင်ရောက်စစ်ဆေးခဲ့ပြီး တရားဝင်နေထိုင်ကြောင်းစာရွက်စာတမ်း ပြနိုင်ခဲ့သော်လည်း ဖမ်းဆီးခေါ်ဆောင်သွားခံရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အနေဖြင့် ဝင်ရောက်လာပြီးနောက် Green Card ရရန်စောင့်ဆိုင်းနေသူ ထိုအမျိုးသမီးပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုး ပမ်းလျက်ရှိသည်ဟု အမေရိကန်ရောက်ကရင်အသိုင်းအဝိုင်းက လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြပြောဆိုသည်။
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးမှုအစီအမံ-TPSကို လာမည့် ဇန်နဝါရီလ(၂၆)ရက်နေ့မှစပြီး ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း အစိုးရဒေါ်နယ်ထရမ့်ကကြေညာထားသည်။ ထို့အပြင် ဇန်နဝါရီလဆန်းပိုင်းကစပြီး မင်နီဆိုး တားပြည်နယ်သို့ ICE အဖွဲ့များတိုးမြှင့်စေလွှတ်၍ ရွှေ့ပြောင်းနေထိုင်သူများကို စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်နေခြင်းကြောင့် ကရင်ဒုက္ခသည်အသိုင်းအဝိုင်းတွင်လည်း စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။
ICE ၏အချက်အလက်များအရ မင်နီဆိုးတားပြည်နယ်အတွင်း မြန်မာနိုင်ငံကဒုက္ခသည် နှစ်သောင်းကျော်နေထိုင်ကြပြီး အများစုမှ ကရင်လူမျိုးများဖြစ်သည်။ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် အမေရိကန်သို့ရောက်လာပြီး TPS အစီအမံဖြင့်နေထိုင်ကြသည့် မြန်မာနိုင်ငံသားထက်ဝက်နီးပါးမှာ မင်နီဆိုးတားသို့ရောက်ရှိနေသည်ဟု ဆိုသည်။
ကရင်ယဥ်ကျေးမှုအဖွဲ့အစည်း-မင်နီဆိုးတား(KCOM)ကလည်း ဇန်နဝါရီလ(၁၀)ရက်နေ့က အဆိုပါ ကရင်အမျိုးသမီးဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ICE ၏ စစ်ဆေးခံရသည့်အခြေအနေတွင် ကြိုတင်သိရှိထားရမည့်အချက်များကို လူမှုကွန်ရက်မှတဆင့်မျှဝေသည်။
ထို့အတူ အချင်းချင်းအကူအညီပေးကြရန်နှင့် နားလည်တက်ကျွမ်းသည့် ဥပဒေအသိုင်း အဝိုင်းသို့အကူအညီတောင်းခံကြရန်လည်း KCOM က နှိုးဆော်ထားသည်။



















