ဒီဇင်ဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး စောရွှေဝ၏ သားအကြီးဆုံးဖြစ်သူ စောဘာဆိုဂေ အသက် (၂၈) နှစ်သည် ယမန်နေ့ (ဒီဇင်ဘာ ၈ ရက်)မွန်းလွဲ ၁နာရီခွဲဝန်းကျင်က မဲဆောက်မြို့တွင် ရုတ်တရတ်ဦးနှောက်သွေးကြောပြတ်ထွက် ဝေဒနာဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
DKBA ၏ ဗဟိုတပ်မဟာ လုံခြုံရေးတပ်ရေးမှူး၊ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စောဘာဆိုဂေမှာ ယမန်နေ့က ခေါင်းကိုက်ဝေဒနာ ရုတ်တရတ်ပြင်းထန်လာမှုကြောင့် သူ၏မိသားစုဝင်များက ဆေးခန်းမှတဆင့် မဲဆောက်ဆေးရုံကြီးသို့လွှဲပြောင်းပို့ဆောင်စဥ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူ စောရွှေဝက ပြောသည်။
“အစက နေမကောင်းဖြစ်တော့ ဆေးခန်းကိုပြေးတာ။ ဆေးခန်းကလည်း အခြေအနေမဟန်ဘူး ဆေးရုံပို့ရမယ်ဆိုလို့ အရေးပေါ်ကားခေါ်လိုက်တယ်။ အရေးပေါ်ကားနဲ့တင်ကာနီးမှာပဲ နားထဲကသွေးတွေဘာတွေ ထွက်လာပြီး။ အချိန်လွန်သွားတယ်လို့ ပြောရမှာပေါ့။”ဟု စောရွှေဝက ကေအိုင်စီသို့ ပြောသည်။
စောဘာဆိုဂေ၏ ရုပ်အလောင်းကို လတ်တလော ၎င်း၏နေအိမ်၌ ထားရှိပြီး လာမည့် ဒီဇင်ဘာ (၁၁) ရက်နေ့၊ နေ့လည်ပိုင်းတွင် သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်သည်ဟုလည်း နီးစပ်သူကဆိုသည်။
စောရွှေဝ၏ သားသုံးယောက်အနက် အကြီးဆုံးသားဖြစ်သူ စောဘာဆိုဂေမှာ အသက်ရှိစဥ်ကတည်းက သွေးတိုးရောဂါအခံရှိသူဖြစ်သည်။ ၎င်းကွယ်လွန်ချိန်၌ အမျိုးသမီးဖြစ်သူနှင့် အသက်(၁၀)နှစ်ဝန်းကျင်အရွယ် သမီးမိန်းကလေးတစ်ဦး ကျန်ရစ်ခဲ့သည်။



















