Home သတင်း စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

471
Photo: တောင်ပိုင်းစစ်ဒေသ အမှတ်-၂ စစ်ဒေသခွဲ

ဇွန် ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ၊ ခလယ်လွီထူး (ညောင်လေးပင်ခရိုင်)၊ လယ်ဒို (ကျောက်ကြီးမြို့နယ်) စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၂ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)၊ တောင်ပိုင်း စစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးကို ယနေ့ဇွန် ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားတပ်မတော်-KNLA တပ်ရင်း (၈)၊ (၉) နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၅)၊ တပ်ရင်း (၃၇၀၂)၊ အထူးကွန်မန်ဒို တပ်ရင်း၊ Spring Warrior Column အဖွဲ့တို့ လယ်ဒိုမြို့နယ် အတွင်း ပူးတွဲ ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦး ထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန် ထားသည်။

ထို့အပြင် စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၂ ဦးကို စစ်သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရရှိခဲ့သည်။

Photo: တောင်ပိုင်းစစ်ဒေသ အမှတ်-၂ စစ်ဒေသခွဲ

ထို့ပြင် လက်နက်မျိုးစုံ (၂၈) လက်နှင့် ခဲယမ်းများ၊ အခြားစစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်း ရရှိခဲ့သည်ဟု ကနဦးသိရသည်။

ယခု စစ်ဆင်ရေးနှင့်ပတ်သက်၍ ကေအဲန်ယူ၊ ခလယ်လွီထူးခရိုင် တာဝန်ရှိသူများထံ ကေအိုင်စီက ဆက်သွယ် မေးမြန်းနိုင်ရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ်မရ ဖြစ်နေသည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ဂျနီဗာကွန်ဗန်းရှင်း (Geneva Conventions) နှင့်အညီ စနစ်တကျ ထိန်းသိမ်းထားသည်ဟု အဆိုပါ အမှတ်-၂ စစ်ဒေသခွဲက သတင်းထုတ်ပြန် ထားသည်။