Home သတင်း ကျုံဒိုးစစ်ကောင်စီက ပစ်ခတ်မှုကြောင့် နာရေးအိမ်ရှိ ကလေးငယ်များ အပါအဝင် ၇ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ကျုံဒိုးစစ်ကောင်စီက ပစ်ခတ်မှုကြောင့် နာရေးအိမ်ရှိ ကလေးငယ်များ အပါအဝင် ၇ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

694

ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့ဝန်းကျင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီကပစ်ခတ်မှုကြောင့် ဇွန်လ ၁၂ ရက်နေ့က ကော့ဘော်ရွာ နာရေးအိမ်တွင်ရှိနေသည့် အသက်ငါးနှစ်နှင့်ဆယ်နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံ ၇ ဦး သေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကျုံဒိုး အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၄၅/၅၄၆ တပ်နှင့် ဂျိုင်းတံတားအမြှောက်တပ်၊ စကခ ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်ရင်းများမှပစ်ခတ်သည့် လက်နက်ကြီးနှင့် မစ်ဇိုင်းဒုံးကျည်များမှာ နောင်ထပ္ပံ၊ ကော့‌ဘော်၊ မြောက်ကမ္မရိုက်ရွာများသို့ ကျရောက်ပြီး တစ်ရက်အတွင်း ဒေသခံထိခိုက်သေဆုံးသူ များပြားခဲ့ခြင်းဖြစ်သည်။

“စကစတပ်တွေက ကျုံဒိုးကနေ အာရှလမ်းကို ဖောက်ထွက်မရဘူးဆိုတော့ ကရင်အဖွဲ့တွေ ရှိနေတယ်ဆိုပြီး ရွာတွေဘက်ကို လက်နက်ကြီးနေ့တိုင်းပစ်နေတာ၊ စကခ ၁၂ ကနေ မစ်ဇိုင်း ပစ်ထည့်တာမှာ နောင်ထပ္ပံရွာက အမျိုးသမီးတစ်ယောက် အစထိတယ်၊ မြောက်ကမ္မရိုက်မှာ ဦးမြင့်အောင်ဆိုတဲ့လူကြီးတစ်ယောက် ဆုံးတယ်၊ ညနေ ပိုင်းကျတော့ ကျုံဒိုး ၅၄၅ တပ်ကပစ်တာ ဂျိုင်းမြစ်ဘေးရှိနေတဲ့ ကော့ဘော်ရွာက နာရေးအတွက်အလှူလုပ်နေတဲ့အိမ်ဘက် သွားကျတယ်” ဟု အခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။

ကော့်ဘော်ရွာသို့ ယမန်နေ့ ညနေပိုင်းက လက်နက်ကြီးပစ်ခတ်မှုတွင် နာရေးရှိနေသည့်အိမ်နား ကျရောက်ခြင်းဖြစ်ပြီး အသက် (၅)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် (၁၀)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးအပြင် မိခင်ဖြစ်သူ ဒေါ်တူးတူးတို့ ပွဲချင်းပြီး သေဆုံးခဲ့ရသလို နောက်ထပ် ဒေသခံ ၃ ဦးမှာလည်း အရေးပေါ်ဆေးကုသရန်ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း ကျုံဒိုးတွင်ရောက်ရှိနေသူတို့က ဆိုသည်။

တဖက်တွင်လည်း KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ ကျုံဒိုးမြို့ဝန်းကျင်တစ်ဝိုက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။ KNLA ဘက်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် စစ်ကောင်စီ၏ ခမရ-၅၄၅ တပ်စခန်းအတွင်း ထိမှန်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိပြီး ၅ ဦးသေဆုံးခဲ့ရာ သေဆုံးသူများအား ဖားအံမြို့၊ တောင်ကလေးဆေးရုံသို့ သယ်ဆောင်သွားကြောင်း တပ်တွင်းသတင်းအရင်းအမြစ်က ပြောသည်။

ကျုံဒိုးဒေသခံတစ်ဦးက ” သူတို့(စစ်ကောင်စီ)တပ်ထဲကိုကျပေါက်တဲ့ လက်နက်လမ်းကြောင်းကို မှန်းပြီး ရွာတွေဘက်ကို နေ့တိုင်းပစ်ထည့်နေတာ။ မနေ့က ကော့ဘော်ရွာမှာ ထိကုန်တာမျိုးပေါ့၊ သူတို့လက်နက်ကြီးကြောင့် လူထိရင်ထိ၊ မထိရင် အိမ်တွေထိတာပဲ” ဟု ယနေ့တွင် ကေအိုင်စီကို ပြောသည်။

လတ်တလော ကျုံဒိုးဒေသအတွင်း စစ်ကောင်စီတပ်များက အင်အား ၅၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ၄ ကြောင်းခွဲကာ အင်းကြီး၊ အုန်းတစ်ပင်၊ ၇တိုင် လျှပ်စစ်ရုံး၊ ၉တိုင်၊ နဘူး-ရင်ကွဲတောင်လမ်းပိုင်းနေရာများတွင် ဖြန့်ကျက်ထားသည်။ ထိုတဝိုက်တွင် KNLA ပူးပေါင်းတပ်များနှင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ပူးပေါင်းတပ်သတင်းအရင်းအမြစ်မှ သိရသည်။