Home သတင်း မြဝတီမြို့ ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

မြဝတီမြို့ ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

657
Photo: Moe Moe Facebook

ဇွန် ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့၊ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဝင်းကို ဇွန် ၄ ရက်နေ့၊ နေ့လည်ပိုင်း တွင် အဆိုပါရပ်ကွက် လမ်းမပေါ်၌ အမည်မသိ သေနတ်သမားက ပစ်ခတ်သွားသည်ဟု ဖြစ်စဉ်ကို သိထားသူ မြို့ခံ က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်အချိန်တွင် အဆိုပါ အုပ်ချုပ်ရေးမှူး ဦးလှဝင်းသည် အမှတ် ၇ ရပ်ကွက်အတွင်း ကားမောင်းနေစဉ် အမည်မသိသူတစ်ဦးက ကားတားပြီး နုတ်ဆက်စကားပြော လိပ်စာမေးဟန် ပြုလုပ်ပြီးနောက် အသင့်ပါလာသည့် သေနတ်ဖြင့် ပစ်သတ်သွားခြင်း ဖြစ်သည်ဟု အခြေအနေသိသူ မြို့ခံကပြော သည်။

“သူက မြဝတီမြို့က မဘသခေါင်းဆာင်၊ ပျူစောထီးခေါင်းဆောင်တဦး စစ်တပ်ကခန့်လို့ အုပ်ကြီးလုပ်နေတာ။ စစ်တပ်ဆန့်ကျင်တဲ့သူတွေရဲ့ အိမ်တွေ၊ ခြံတွေ၊ မြေကွက်တွေကို ရောင်းစားတာ။ ဧည့်စာရင်းစစ် ဖမ်းပြီး ငွေနဲ့ ပြန်ရွေး ခိုင်းတာ၊ စစ်မှုထမ်း လူသစ်စုပေးပြီး ငွေနဲ့ပြန်ရောင်းစားတာတွေလုပ်တဲ့သူ‌ပေါ့။ ရပ်ကွက်ထဲသူ ကား မောင်း နေတုန်းအရပ်သားပုံစံနဲ့ သူကားကိုတားပြီး နုတ်ဆက်သလို၊ လမ်းမသိလို့ မေးသလို ကားနား ကပ်စကား ပြောပြီး နားထင်တေ့ပစ်သွား တာပွဲခြင်းပြီးဘဲ” ဟု ၎င်း က ပြောသည်။

မြို့ခံများက ၎င်းနှင့် ပတ်သက်၍ ယခုလို ပြောဆိုနေသော်လည်း ကေအိုင်စီအနေဖြင့် သီးခြား အတည်ပြုမရ ဖြစ်နေသေးသည်။

ပစ်ခတ်ခံရပြီးနောက် မြဝတီမြို့မ ရဲစခန်းက လာရောက်စစ်ဆေးပြီး အခြားရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အမှတ် ၇ ရက်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက နာရေးကူညီမှုအသင်း ယာဉ်ဖြင့် ရုပ်အလောင်းကို မြဝတီ ဆေးရုံသို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြဝတီ မြို့တွင် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်ကောင်စီ သတင်း ပေးများ၊ စစ်ကောင်စီထောက်ခံသူ အရပ်သား အမျိုးဘာသာအရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် စုစုပေါင်း ၁၀ ဦး ထက်မနည်း ပစ်ခတ်အသတ်ခံရသည်ဟု မြဝတီမြို့ရှိ စစ်ကောင်စီ ထောက်ခံ သူသတင်းအရင်းက ပြောသည်။