Home သတင်း ဖားအံတွင် သုံးဘီးယာဉ် အငှားသွက်

ဖားအံတွင် သုံးဘီးယာဉ် အငှားသွက်

605

ဇွန် ၄၊ ၂၀၂၅ ။ ကေအိုင်စီ

ဖားအံမြို့တွင် စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုများလာ၍ မြို့ခံများ သွားလာရေး အတွက် မီနီအိုးဝေ (ခေါ်) သုံးဘီး ယာဉ်များကို ငှားရမ်းစီးနင်းမှု များလာသည်ဟု ယာဥ်မောင်းများက ပြောသည်။

ဇွန် ၁ ရက်နေ့မှစ၍ ဖားအံမြို့ အထင်ကရ လမ်းမ၊ လမ်းဆုံနေရာများတွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနေခြင်း ဖြစ်ပြီး မြို့ခံအများစု အသုံးပြုနေသည့် ကားနှင့်ဆိုင်ကယ်များ လိုင်စင်မရှိ၍ ယခုလို သုံးဘီးယာဉ် ငှားရမ်းသူ များလာခြင်း ဖြစ်သည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ဟုတ်တယ်။ အခုတလော ကားဖမ်းတော့ တချို့ အိမ်စီးကားလေးတွေ မထုတ်သုံးကြဘူး။ ဆေးရုံ၊ စျေး၊ ကျောင်း သွားတာတို့ဆို ငှားစီးကြတာ များပါတယ်။ ဒီတစ်ရက် နှစ်ရက်ကတော့ လမ်းကြောင်းသင့်ရင်သင့်သလို ပိုမောင်းရတယ်။ အရင်က ထိုင်စောင့်နေရတဲ့အချိန်ထက် ပို့ရတဲ့ အ‌ခေါက်ရေ များလာတယ်။ ကျနော်တို့မှာ ယာဥ်‌ရော၊ အမောင်းရော လိုင်စင်ရှိတော့ ဆွဲရတာ အဆင်ပြေတာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိ ဖားအံတွင် သုံးဘီးယာဉ်များ မြို့တွင်းအနီးအဝေးပေါ်မှု တည်၍ ယာဉ်စီးက ကျပ် ၅,၀၀၀ မှ ၆,၀၀၀ ကြားရှိပြီး မြို့ပြင် ကျေးရွာများဆိုပါက ကျပ် ၁၀,၀၀၀ ဝန်းကျင်ထိ ရှိသည်ဟု ယာဉ်မောင်းများထံမှ သိရသည်။

ထို့အပြင် ဖားအံတွင် ယနေ့ထိ လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးနေပြီး မြို့ခံတို့ အလုပ်အကိုင်အတွက် သွားလာရေး အခက်ကြုံနေသည်ဟု မြို့ခံ ကျောင်းသားမိဘတစ်ဦးက ယခုလို ပြောသည်။

“လိုင်စင်မရှိတော့ အိုးဝေနဲ့ပဲ သွားလာနေရတာပေါ့။ ကိုယ်နေတဲ့ နေရာကလည်း မြို့ပြင်နည်းနည်း ရောက်နေ တယ်။ စျေးသွားဖို့ရော ကလေးကျောင်းကြိုပို့တာရော မြို့ထဲတခါသွားရင် ၂ သောင်းက မဆင်းဘူး။ အဖမ်းအဆီး ရှိနေသေးတော့ ဒီလိုပဲ သွားနေရမှာပေါ့” ဟု ၎င်းက ပြောသည်။

ဖားအံတွင်လက်ရှိ ဒေသအခြေအနေအရ လိုင်စင်မရှိသည့် ကားနှင့်ဆိုင်ကယ်များကို ဒေသခံပြည်သူတို့
စားဝတ်‌နေ‌ရေး၊ သွားလာ‌ရေး၊ လူမှု‌ရေးနှင့် စီးပွား‌ရေးအတွက် အားထားအသုံးပြုနေရပြီး ယခုလိုဖမ်းဆီးခြင်း ထက် ပြည်သူများအဆင်ပြေနိုင်သည့် အခြားနည်းလမ်းများ စီစဉ်ပေးသင့်သည်ဟု မြို့ခံတို့က ပြောဆိုသည်။

ဖားအံတွင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရာတွင်လည်း စစ်ကောင်စီကို ထောက်ခံသည့် ဘုန်းကြီးကျောင် တံဆိပ်ပါ ယာဉ်များ၊ ၎င်းတို့နှင့် ဆက်ဆံရေးရှိသည့် လက်နက်ကိုင်အဖွဲ့ယာဉ်များနှင့် ဝန်ထမ်းများ၏ ယာဉ်များကိုမူ မဖမ်းဘဲ အထူးအခွင့်အရေး ရနေသည်ဟု မြို့ခံများက ပြောသည်။ ထို့အပြင် စဖမ်းချိန်မှစ၍ အများ အကျိုးပြု လူမှုကယ်ဆယ် ရေးယာဉ် ၂ စီးအပါအဝင် အခြားယာဉ် အစီး ရာချီ ဖမ်းဆီးခံထားရသည်ဟု သိရသည်။