ဧပြီ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ယခုတလောသွားလာနေကြသည့် အများပြည်သူတို့၏ ယာဉ်များကို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယာဉ်များကို ဖမ်းဆီးမှုများပြုလုပ်ပြီး ငွေကြေးအဓမ္မတောင်းခံမှုများလာကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။
ဖားအံမြို့၊ လှာကမြင်ကျေးရွာအုပ်စု၊ မဲဘောင်ကျေးရွာအဝင် ဖားအံ- လှိုင်းဘွဲ လမ်းမကြီးဘေးရှိ တော်ဝင်သုခ ဆေးခန်းရှေ့ စစ်ကောင်စီချထားသည့် စစ်ဆေးရေးဂိတ်၌ ဆိုင်ကယ် အပါအဝင် ဖောင်းကြွနံပါတ်ပြား ပြောင်းလဲ တပ်ဆင်မှုမရှိသေးသည့် မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့ယာဉ်များကို စစ်ဆေး ဖမ်းဆီးပြီး ငွေညှစ်တောင်းခံမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံယာဉ်မောင်းတစ်ဦးက ပြောသည်။
၎င်းက “ အစစ်ဆေးက မဲဘောင်စျေးနားမှာ မရှိရင် တော်ဝင်သုခဆေးရုံရှေ့နား ပုံမှန်ပဲရှိတယ်။ အဲဒီ နှစ်နေ ရာနားက ကြောက်ရတယ်။ တနေကုန် စောင့်ပြီး စစ်နေကြတာ။ ကားစောင့် ဖမ်းစစ်တာတို့ပေါ့။ ကားကတော့ ဖောင်းကြွလိုင်စင်ပြားတွေ၊ ယာဉ်မောင်းလိုင်စင်တွေ အဓိကတောင်းစစ်တယ်။ မရှိရင် ဒဏ်ကြေး ဆောင်ခိုင်း တယ်။ ဘာမှလည်း ဖြေရှင်းပေးကြတာ မဟုတ်ဘူး။ သက်သက် လုပ်စားနေကြတာပဲ ” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့တို့သည် ယခင်က မြို့လယ်လမ်းဆုံနှင့် မြို့အဝင်အထွက်လမ်းမပေါ် နေရာများသာ စစ်ဆေးမှုများလုပ်ဆောင်နေကြရာမှ ယခုနောက်ပိုင်း မြို့အဝင်လမ်း နေရာများတွင် ပြောက်ကျားပုံစံဖြင့် လုပ်ဆောင်လာနေကြပြီး ယာဉ်မောင်းလိုင်စင်မရှိပါက ဒဏ်ငွေ ၃ သောင်းကျပ်အထိ ပေးဆောင်ခဲ့ရသည်ဟု မြို့ခံများက ပြောသည်။
“ ယာဉ်မောင်းလိုင်စင် ဖမ်းတော့ ကိုယ်က သင်မောင်းလုပ်ထားနေတုန်း သုံးလမပြည့်သေးတော့ စောင့်နေရတာကို အဲဒါ သင်မောင်းလိုင်စင်နဲ့ ပြလည်းမရဘူး။ သုံးသောင်းတောင်းတာပဲ” ဟု အစစ်ဆေးခံခဲ့ရသူ နယ်ခံတစ်ဉီးက ပြောသည်။
အလားတူ ယခု ဧပြီလနောက်ဆုံးပတ်မှ စတင်၍ လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာအနီးရှိ ခြေမြန်တပ်ရင်း -ခမရ(၂၀၃)တပ်ရင်း ကာကင်းဂိတ်တွင်လည်း အချိန်ပြည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဖြတ်သန်း သွားလာသည့် ယာဉ်များထံမှ ကားပေါ်ပါလာသည့် ပစ္စည်းများကို စစ်ဆေးမှုများပြုလုပ်ကာ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း နယ်ခံများက ပြောသည်။
၎င်းအပြင် ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ ဖုန်း၊ မှတ်ပုံတင်အပါအဝင် ကားပေါ်ပါ လာသည့် ပစ္စည်းများကို စစ်ဆေးမှုများပြုလုပ်သလို ရွာရှောင်လမ်းဘက်သို့ အသုံးပြုသွားလာပါက ဒဏ်ကြေးငွေ ကျပ်ငါး သောင်းအထိ တောင်းခံနေကြောင်းလည်း အခြေအနေ သိရှိသည့် တခြားယာဉ်မောင်းတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဖားအံမြို့အဝင်နှင့် မီးပွိုင့်လမ်းဆုံများ၌ နေ့ဘက်နှင့် ညဘက်တို့တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့က သွားလာနေကြသည့် ယာဉ်များကို မကြာခဏဆိုသလို စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး ပြည်သူဒေသခံများ၏ လက်ကိုင်ဖုန်းများကိုလည်း စစ်အာဏာရှင်ဆန့်ကျင်သည့် ဓါတ်ပုံ၊ ဗီဒီယိုနှင့် အချက်အလက်များရှိမရှိ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။



















