Home သတင်း နွေစပါးဈေး ထက်ဝက်နီးပါးကျ၍ ညောင်တုန်းတွင် လယ်သမားများ အရှုံးပေါ်

နွေစပါးဈေး ထက်ဝက်နီးပါးကျ၍ ညောင်တုန်းတွင် လယ်သမားများ အရှုံးပေါ်

552
Photo: CJ

ဧပြီ ၂၆ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ယခုနှစ် နွေစပါးပေါ်ချိန်တွင် ယခင်နှစ်ထက် စျေးထက်ဝက်နီးပါး ကျဆင်းနေ၍ ညောင်တုန်းမြို့နယ် အတွင်းရှိ နွေ စပါး စိုက်တောင်သူများ အရှုံးပေါ်နေသည်ဟု သဇင်ရေကျော်ရွာက နွေစပါးစိုက်လယ်သမားများက ပြောသည်။

ယခင်နှစ် ၂၀၂၄ ခုနှစ် ညောင်တုန်းမြို့နယ်တွင် နွေစပါးပေါ်ချိန်တွင် စပါးတင်းတစ်ရာလျှင် ကျပ် သိန်း ၂၀ ထိ ပေါက်ဈေးရှိခဲ့ရာမှ ယခုနှစ် နွေစပါးပေါ်ချိန်တွင် ကျပ် ၁၂ သိန်း ဝန်းကျင်သာ စျေးရရှိ၍ လယ်သမားများ ယခုလို အရှုံးပေါ်နေခြင်း ဖြစ်သည်။

“ကျနော်တို့လယ်သမားတွေက တော်တော်ဆိုးဆိုးဝါးဝါးဒီနှစ်မှာ ခံစားနေရတယ်ဗျ၊ အခြားကုန်ဈေးနှုန်း အားလုံး က တက်ပြီး စပါးဈေးက မတက်ဘဲ ကျသွားတော့ စပါးစိုက်ဖို့ တော်တော်စဉ်းစားနေရတယ်။ ကျနော်တို့မစိုက်လည်း အားလုံး ငတ်ကုန်မှဗျ။ စပါးဈေးတော့ ကုန်ကျစရိတ်နဲ့ သင့်တင့်အောင် ရှိနေမှ စိုက်ပျိုး ဖို့က အဆင်ပြေမှာ၊ အခုက စပါးစိုက်တဲ့သူတွေက အရှုံးခံ စိုက်နေရတာ ကြာလာရင် စိုက်မယ့်သူတောင်ရှိမှာ မဟုတ်ဘူး” ဟု ညောင်တုန်းမြို့နယ် သဇင်ရေကျော်ရွာမှ လယ်သမားတစ်ဦးက ပြောသည်။

ယခုလို နွေစပါးစျေးကျဆင်းနေသည့်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် စပါးတင်း ၁၅၀ သိန်းနှင့် ဧည့်မထ ဆန်အိတ် ၄ သိန်းဝယ်ယူရေးကို ယခု ဧပြီနှင့် မေလအတွင်း လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က မတ် ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။

Photo: CJ

ညောင်တုန်းမြို့နယ်ရှိ စပါးပွဲစားတစ်ဦးက “အရင်က ဆန်ဈေးက တက်တော့ စပါးဈေးလည်းကောင်းတယ်။ စပါး ကိုဈေးပေးပြီး ဝယ်လို့ရတယ်။ အခုက ရာသီဥတုကြောင့် ပျက်စီးမှုတွေ၊ လုပ်အားခ၊ ကြိတ်ခွဲခ စတာတွေ ကလည်း ဈေးတွေတတ်နေတော့ စပါးဝယ်မဲ့သူတောင် မဝယ်ရဲဘူး ဖြစ်နေတာ” ဟု ပြောသည်။

ညောင်တုန်းမြို့နယ်တွင်ပြီးခဲ့သည့် မိုးစပါးပေါ်ချိန်တွင် တင်းတစ်ရာလျှင် စပါးပေါက်စျေးအမြင့်ဆုံး ၂၁ ထိရှိခဲ့ပြီး လက်ရှိနွေစပါးပေါ်ချိန်တွင် တင်းတစ်ရာလျှင် ၁၂ သိန်းထိ ထက်ဝက်နီးပါးကျဆင်းနေခြင်း ဖြစ်သည်။

ထို့အပြင် နွေစပါးစိုက်ပျိုးချိန်တွင် တစ်ဧကကို ဓါတ်မြေဩဇာ အနည်းဆုံး ၄ အိတ်မှ ၅ အိတ်ထိ သုံးလေ့ရှိသည်။ တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော်ရှိပြီး အခြား သွင်းအားစုများအတွက်လည်း ကုန်ကျစရိတ်ရှိသည်။ စပါးပေါ်ချိန် ရိတ်ခြွေစက်ငှားခမှာလည်း တစ်ဧကလျှင် ကျပ် ၁၈၀,၀၀၀ ထိ ပေးရသည်များလည်း ရှိကာ စပါးစိုက် စရိတ်မြင့်တက်သော်လည်း ယခုလို စပါးဈေးကျ၍ လယ်သမားတို့ အရှုံးပေါ်နေခြင်းဖြစ်သည်ဟု သိရသည်။