ဧပြီလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ ၆ နယ်မြေ၊ ဘုရားသုံးဆူမြို့နယ် မက္ကသာကျေးရွာ အနီးရှိ သတ္တုခဲမိုင်းတွင်းနေရာများကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ယနေ့ နံနက် ပိုင်းတွင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မက္ကသာရွာအနီး သတ္တုခဲမိုင်းတွင်း အမှတ် (၂) နှင့် (၅) ဘက်ကို ယနေ့ ဧပြီလ ၂၆ ရက်၊ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက Y12 ဗုံးကြဲလေယာဥ်ဖြင့် ဝဲပတ်ပျံသန်းပြီး ဗုံး (၃၀) လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နယ်မြေခံတာဝန်ရှိသူက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် သတ္တုမိုင်းအတွင်းရှိ အဆောင်အအုံ ထိခိုက်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုများ မရှိခဲ့ကြောင်း ကေအဲန်ယူ-စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။
“မိုးလင်းခါနီး အချိန်တုန်းက Y-12 နဲ့ တပ်မဟာရုံးဘက်နဲ့ မက္ကသာမိုင်းဘက်ကို ဗုံးအလုံး (၃၀) ကျော် လာကြဲ ချသွားတယ်။ လောလောဆယ်အတည်ပြုနိုင်တာက အဆောက်အအုံ အနည်းငယ် ထိခိုက်ပျက်စီးတာ ရှိတယ်။ လူထိခိုက်တာတော့ မရှိဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေခြင်းမရှိဘဲ ထိုလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခြင်းသည် လတ်တလော ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း တိုက်ပွဲဖြစ်စဉ်နှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ၎င်းမြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူက သုံးသပ်ပြောသည်။
အဆိုပါ သတ္တုတွင်းလုပ်ကွက်နေရာများကို စစ်ကောင်စီက ၂၀၂၂ နှစ် ကုန်ပိုင်းများတွင် လေကြောင်း ဗုံးကြဲ ခဲ့သောကြောင့် တရုတ်နိုင်ငံသားများအပါအဝင် မိုင်းတွင်းလုပ်သားအချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သေးသည်။
စစ်အစိုးရ လက်ထက်ကတည်းက ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်နေသည့် ၎င်းသတ္တုတွင်းလုပ်ငန်းတွင် ထိုင်း၊ တရုတ်နှင့် ဆက်စပ်ကုမ္ပဏီများလည်း လုပ်ကိုင်နေကြကြောင်း သိရသည်။



















