Home သတင်း မြဝတီတောင်ဘက်တိုက်ပွဲအတွင်း စစ်အုပ်စု FPV ဒရုန်းအသုံးပြု ပစ်ခတ်မှုပုံစံ ပြောင်းလဲလာ

မြဝတီတောင်ဘက်တိုက်ပွဲအတွင်း စစ်အုပ်စု FPV ဒရုန်းအသုံးပြု ပစ်ခတ်မှုပုံစံ ပြောင်းလဲလာ

7
Photo: CJ (ပုံဟောင်း)

နိုဝင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့‌တောင်ဘက်ရှိ မင်းလက်ပံကျေးရွာနှင့်သဲဖြူချောင်းနေရာများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်အုပ်စုက ပြီးခဲ့သည့် နိုဝင်ဘာ (၇) ရက် နောက်ပိုင်းကစ၍ FPV (First Person View) ဒရုန်းများဖြင့် ပုံစံပြောင်းလဲ ပစ်ခတ်လာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ဘက်က ပြောသည်။

ပြီးခဲ့သည့်လပိုင်းအတွင်း တကျော့ပြန်စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုနှင့် KNLA မဟာမိတ်တပ်များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တိုက်ပွဲမှလက်နက်ကျည်များ ထိုင်းပိုင်နက်ထဲ နယ်ကျော်ကျရောက်၍ ထိုင်းအစိုးရ၏ သတိပေးမှုများရှိလာပြီးနောက် စစ်အုပ်စုသည် FPV ဒရုန်းများဖြင့် ဗျူဟာပြောင်းလဲ တိုက်ခိုက်လာသည်ဟု မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုရက်ပိုင်းမှာ သဲဖြူချောင်းနဲ့ မင်းလက်ပံကို ထပ်တိုးလာတာ။ ဖြတ်တိုက်ခံရတာနဲ့ သူတို့(စစ်အုပ်စု) စစ်သားသစ်တွေကျတာနဲ့ ပြန်ဆုတ်သွားတယ်၊ နောက်တော့ FPV တွေနဲ့ပြန်တိုက်တယ်။ ကျနော်တို့ဘက်ကလည်း FVP တွေကို ပစ်ချရတယ်” ဟု ရှေ့တန်းတွင်တိုက်ပွဲဝင်နေသည့် အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။

FPV ဒရုန်းများသည် တစ်ဖက်ပစ်မှတ်ကို ရှာဖွေရန် ရုပ်သံကင်မရာနှင့် GPS လမ်းညွှန်စနစ် ထည့်သွင်းချိတ်ဆက်၍ မောင်းနှင်ရသည့်စနစ်ပါ အသေခံဒရုန်းအမျိုးအစားဖြစ်သည်။

Photo: CJ (ပုံဟောင်း)

ထိုင်း-မြန်မာနယ်စပ်တိုက်ပွဲများအတွင်း အဆိုပါဒရုန်းကို KNLA မဟာမိတ်တပ်များက အသုံးပြုခြင်းရှိခဲ့သော်လည်း ယခုအခါတွင် စစ်အုပ်စုဘက်ကပါ အသုံးပြုလာခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစု၏ ဒရုန်းတပ်ဖွဲ့ က ပြောသည်။

ထို့အပြင် လတ်တလော စစ်အုပ်စုသည် ကျော်ဝါးဘိုးတောင်ကြောနှင့် လေးကေကော်ရေတံခွန် တောင်ကြောနေရာများသို့ ရိက္ခာ၊ ခဲယမ်းနှင့် ဒရုန်းပစ္စည်းများကို ရက်ခြားဆိုသလို လေထီးဖြင့် လာရောက်ချထားပေးနေကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။

ထို့အတူ ဖားအံတပ်မ ၂၂ မှ စစ်ကူများတင်ဆောင်လာသည့် ယာဉ်တန်းများမှာ မြဝတီမြို့ရှိ ခြေလျင်တပ်ရင်း ခလရ-၂၇၅ နှင့် သဃ်န်းညီနောင်ဘက်သို့ ဝင်ရောက်မှုရှိနေသည်။ ယင်းမှတဆင့် ထိခိုက်ဒဏ်ရာရထားသည့် ၎င်းတို့တပ်ဖွဲ့ဝင်များနှင့် တပ်ပြန်ချိန်းသည့်တပ်ဖွဲ့ဝင်များကို ဖားအံဘက်သို့ ပြန်လည်ပို့ဆောင်နေသည်ဟု မြဝတီ-ဖားအံ စစ်အုပ်စုလမ်းကြောင်းကို ထောက်လှမ်းနေသည့် တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။