Home သတင်း ဒုက္ခသည်များကို ခေါ်ယူသည့်အလုပ်အမျိုးအစားနှင့် လက်တွေ့ ကွာဟနေ

ဒုက္ခသည်များကို ခေါ်ယူသည့်အလုပ်အမျိုးအစားနှင့် လက်တွေ့ ကွာဟနေ

8
Photo: CJ

နိုဝင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်ပြီး တရားဝင်ပြင်ပထွက်အလုပ်လုပ်ခွင့်ရ ဒုက္ခသည်အချို့တွင် အလုပ်ခေါ်စဉ်က ပြောကြားထားသည့်အလုပ်အမျိုးအစားနှင့် လက်တွေ့လုပ်နေရသည့်အမျိုးအစား ကိုက်ညီမှုမရှိကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသူများ ပြောပြချက်အရ သိရသည်။

ဒုက္ခသည်များ ပြင်ပထွက်အလုပ်လုပ်နိုင်ရန် လုပ်ငန်းရှင်ကိုယ်စားလှယ်ဘက်မှ အလုပ်အမျိုးအစား လာရောက်ရှင်းပြပြီးမှ ခေါ်ယူခြင်းဖြစ်သော်လည်း လုပ်ငန်းနေရာရောက်ရှိသည့်အချိန်တွင် အပြောနှင့်အလုပ်မညီတော့ဟု အုန်းဖြန်ဒုက္ခသည်စခန်းနေ နော်စေးက ပြောသည်။

“သူတို့ လာခေါ်တုန်းက ဆေးရုံအသစ်မှာ သန့်ရှင်းရေးတွေပြန်လုပ်ပြီး နံရံကို စတေကာတွေ လိုက်ကပ်ရမယ်တဲ့။ တကယ်ရောက်တဲ့အချိန်မှာတော့ သံတွေ၊ အုတ်တွေ သယ်ရတယ်” ဟု နော်စေးက ပြောသည်။

ထိုသို့ လုပ်ငန်းအမျိုးအစားမတူညီသည့် ပြဿနာသည် ဒုက္ခသည်စခန်းတိုင်းတွင် ကြုံတွေ့နေရပြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်ပေးသည့် ကော်မတီဘက်မှ အချို့ဒုက္ခသည်များအတွက် အခြားလုပ်ငန်းအသစ်တစ်ခုကို ပြောင်းရွှေ့ပေးခြင်းရှိသလို အချို့မှာမူ စခန်းထဲသို့သာ ပြန်လာနေကြရသည်ဟု ဆိုသည်။

မယ်ရာမို ဒုက္ခသည်စခန်းဥက္ကဌ စောဌေးအေး က “လုပ်ငန်းမကိုက်ညီတဲ့ပြဿနာက တော်တော်များများ ကြုံရတယ်။ အဲဒီလိုဖြစ်လာရင် စခန်းကို ပြန်ဆက်သွယ်ပြီး အဆင့်ဆင့်သွားပြီး အလုပ်ပြန်ညှိနှိုင်းပေးရတာရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ဒုက္ခသည်များလုပ်ရသည့် အလုပ်အမျိုးအစားများမှာ အများအားဖြင့် အခြေကျသည့် ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးခြံလုပ်ငန်း အများစု ဖြစ်ပြီး စက်မှုဇုန်ကုန်ထုတ် အထည်ချုပ်လုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ငန်းအချို့လည်း ပါဝင်သည်။

ထို့အပြင် ဒုက္ခသည်များ စခန်းပြင်ပထွက်အလုပ်လုပ်ခွင့်ရရန် လုပ်ငန်းရှင်ဘက်မှ စေလွှတ်သည့်ကိုယ်စားလှယ်က သက်ဆိုင်ရာစခန်းတာဝန်ရှိသူ ထိုင်းအာဏာပိုင်အဖွဲ့(ပလာ)မှတဆင့် ဝင်ရောက် ခေါ်ယူကြခြင်းဖြစ်သည်။

ထိုပလာ၏ ထောက်ခံချက်ရယူပြီးမှ လုပ်ငန်းရှင်ဘက်မှ အလုပ်လုပ်ခွင့်(Work Permit) ကတ် ထုတ်ပေးခြင်းဖြစ်သော်လည်း စခန်းပြင်ပထွက်အလုပ်လုပ်သည့် ဒုက္ခသည်အချို့မှာမူ လုပ်သက် ၅ လ အထက်ရှိသည့်တိုင်အောင် Work Permit ကတ်မရရှိသေးကြောင်း စခန်းတာဝန်ရှိသူများက ဆိုသည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီလျှော့ချခံပြီး ဒုက္ခသည်များ စားနပ်ရိက္ခာဖြတ်တောက်ခံရသည့် ၂၀၂၅ ခုနှစ်မှစတင်၍ ထိုင်းအစိုးရမှ ဒုက္ခသည်များကို တရားဝင် စခန်းပြင်ပထွက် အလုပ်လုပ်ခွင့်ပေးထားရာ တစ်နှစ်အတွင်း အလုပ်ထွက်လုပ်ခွင့်ရသူ (၆,၈၀၀) ကျော်ရှိနေပြီဖြစ်ကြောင်းလည်း TBC(The-Border Consortium) မှ ပြီးခဲ့သည့် အောက်တိုဘာလက ထုတ်ပြန်ထားသည်။