Home သတင်း စစ်အုပ်စုလက်အောက်၌ ICJ စီရင်ချက် အကောင်အထည်ဖော်မှု စောင့်ကြည့်ရန် အရေးကြီးဟု KNU ထောက်ပြ

စစ်အုပ်စုလက်အောက်၌ ICJ စီရင်ချက် အကောင်အထည်ဖော်မှု စောင့်ကြည့်ရန် အရေးကြီးဟု KNU ထောက်ပြ

7

နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်အုပ်စုလက်အောက်၌ မြန်မာနိုင်ငံက လက်ရှိ အာဏာသိမ်းခံထားရသောကြောင့် နိုင်ငံတကာတရားရုံး(ICJ) ၏ အပြီးသတ်ဆုံးဖြတ်ချက်များကို တာဝန်ရှိသူများက လိုက်နာအကောင်အထည်ဖော်မှုရှိမရှိ စောင့်ကြည့်နိုင်ရေးမှာ အရေးကြီးကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထောက်ပြသည်။

တရားစီရင်ရန် ဆယ်စုနှစ်ကာလ ကြာမြင့်ခဲ့သည့် ရခိုင်ပြည်နယ်ကရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် မြန်မာကတာဝန်ရှိကြောင်း ICJ တရားရုံးက နောက်ဆုံးစီရင်ချက် ချမှတ်လိုက်သည့်အပေါ် ကြိုဆိုထောက်ခံကြောင်း ယနေ့၊ နိုဝင်ဘာ(၂၀)ရက်ဖြင့် ကေအဲန်ယူက ထုတ်ပြန် ထောက်ပြလိုက်ခြင်းလည်း ဖြစ်သည်။

သို့ရာတွင် လက်ရှိမြန်မာနိုင်ငံသည် ရိုဟင်ဂျာအမှုတွင် အဓိကကျသည့် စစ်အုပ်စုလက်အောက်၌ အာဏာသိမ်းခံထားရသောကြောင့် စီရင်ချက်များကို လိုက်နာအကောင်အထည်ဖော်မှု ရှိမရှိ လွတ်လပ်စွာ စောင့်ကြည့်စစ်ဆေးနိုင်ရေးမှာ အလွန်အရေးကြီးသည်ဟု ကေအဲန်ယူက ဆိုသည်။

ထို့အပြင် စောင့်ကြည့်ရုံတင်မလုံလောက်ဘဲ သက်သေများကိုထိန်းသိမ်းရန်၊ အမှုမှအသက်ရှင်ကျန်ရစ်သူများကို ကာကွယ်ရန်၊ စုံစမ်းစစ်ဆေးများ ပြုလုပ်ပြီး ကျူးလွန်သူများကို တရားစွဲဆိုရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်မှတဆင့် ထောက်ပြသည်။

ICJ ၏ စီရင်ချက်တွင် ရိုဟင်ဂျာများ ဂုဏ်သိက္ခာနှင့်အညီ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး၊ ထိခိုက်နစ်နာခဲ့ရသူများအတွက် ပြန်လည်ကုစားမှုနှင့် လျော်ကြေးပေးရေး၊ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးသဘောတူစာချုပ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန် ဥပဒေပြဋ္ဌာန်းရေးအပါအဝင် အလားတူဖြစ်စဥ်များ ထပ်မံမဖြစ်ပွားရန် အာမခံပေးရေးလည်း ပါဝင်သည်။

အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တရားရုံး၏ဆုံးဖြတ်ချက်များ အသက်ဝင်လာစေရန် ဝိုင်းဝန်းအကူအညီပေးရမည်ဖြစ်သည်ဟု ကေအဲန်ယူက တောင်းဆိုသည်။

အထူးသဖြင့် အရပ်သားများကို အကာအကွယ်ပေးရေး၊ လူသားချင်းစာနာမှုအကူအညီများ အမှန်တကယ်ရောက်ရှိရေးနှင့် နစ်နာသူများကို ပြန်လည်ကုစားရေးတို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကူအညီပေးရာတွင် ရိုဟင်ဂျာအသိုင်းအဝိုင်းအပြင် မြေပြင်တွင် အမှန်တကယ်အုပ်ချုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ချိတ်ဆက်ရမည်ဖြစ်သလို မြန်မာပြည်ရှိ တိုင်းရင်းသားအားလုံးအတွက် တန်းတူအခွင့်အရေးရှိသော “ဖက်ဒရယ်ဒီမိုကရေစီ စနစ်သစ်” တည်ဆောက်ရေးသို့ ဦးတည်ရမည်ဖြစ်ကြောင်း ကေအဲန်ယူက ထောက်ပြသွားသည်။

ICJ ၏ အဆိုပါစီရင်ချက်သည် နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုတွင် တာဝန်ရှိကြောင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ဖြစ်သည်။ ၎င်းအပေါ် မြန်မာပြည်ရှိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသည့် ပြည်တွင်း ပြည်ပအရပ်ဖက်အဖွဲ့များက ကြိုဆိုထောက်ခံထားကြသလို စီရင်ချက်များ အကောင်အထည်ဖော်နိုင်ရေး တိုက်တွန်းတောင်းဆိုနေခြင်းလည်း ရှိသည်။