Home Facts Checking News စစ်အုပ်စု ဗုံးကြဲချခဲ့တဲ့ သော်လဲထမှာ KNU က ရာဇဝတ်မှုကျူးလွန်ခဲ့ သလို စစ်လော်ဘီတွေ သတင်းမှားဖြန့်နေ

စစ်အုပ်စု ဗုံးကြဲချခဲ့တဲ့ သော်လဲထမှာ KNU က ရာဇဝတ်မှုကျူးလွန်ခဲ့ သလို စစ်လော်ဘီတွေ သတင်းမှားဖြန့်နေ

1144

စစ်အုပ်စု ဗုံးကြဲချခဲ့တဲ့ သော်လဲထမှာ KNU က ရာဇဝတ်မှုကျူးလွန်ခဲ့ သလို စစ်လော်ဘီတွေ သတင်းမှားဖြန့်နေ

Fact Check | Dawei Watch | KIC | The Red Flag | MFCN

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ၊ ထိုင်းပိုင်နက်နဲ့ထိစပ်နေတဲ့ သော်လဲထကို စစ်အုပ်စုက ပြီးခဲ့တဲ့ အောက်တိုဘာ(၃၁)ရက်နေ့က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီမတိုင်ခင် တစ်လအလိုကတည်းက ကေအဲန်ယူနဲ့ ထိုင်းလုပ်ငန်းရှင်အချို့ သော်လဲထမှာ နယ်စပ်ရုံးဆောက်ပြီး ကုန်သွယ်ရေးလုပ်မှာကို တားမြစ်ပေးဖို့အတွက် ထိုင်းနယ်ခြားစောင့်ကော်မတီဥက္ကဌကို စစ်အုပ်စုက သတိပေးစာပို့ခဲ့တာပါ။

စာထဲမှာ ကေအဲန်ယူနေရာတွေကို ဗုံးကြဲချမယ်ဆိုတဲ့ အချက်လည်းပါဝင်ခဲ့ပြီး အောက်တိုဘာ (၃၁) ရက်နေ့မှာ တကယ်ဗုံးကြဲခဲ့တာကြောင့် အဲဒီဗုံးကျတဲ့အရှိန်နဲ့ ထိုင်းဘက်က အဆောက်အအုံတွေပါ ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။

အဲဒီနောက် နိုဝင်ဘာ(၃)ရက်နေ့မှာတော့ ဆိုရှယ်မီဒီယာမှာ စစ်တပ်ကိုထောက်ခံတဲ့ပို့စ်တွေ တောက်လျှောက် ရေးသားလာတဲ့ ဖေ့ဘွတ်ခ် အသုံးပြုသူတချို့က သော်လဲထမှာ ကေအဲန်ယူက CDM ဗမာအမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီးသတ်ဖြတ်မှု ကျူးလွန်ခဲ့သယောင် ပုံတွေနဲ့ ဖြန့်ချိနေကြတာပါ။

ဖြန့်ချိချက် (၁) https://perma.cc/YA2C-CCDQ
ဖြန့်ချိချက် (၂) https://perma.cc/5QBX-W4HF

အဲဒီဖြစ်စဥ်ကို အချက်အလက်စိစစ်ပေးနေတဲ့ Myanmar Fact-Checking Network အဖွဲ့ဝင် ကေအိုင်စီ-ကရင်သတင်းဌာနနဲ့ Dawei Watch တို့က စစ်ဆေးရာမှာ စစ်အုပ်စုဟာ လူမျိုးရေး၊ တော်လှန်ရေး သွေးကွဲစေတဲ့ အသုံးအနှုန်းတွေကို အသုံးပြုပြီး ကေအဲန်ယူက ရာဇဝတ်မှုကျုးလွန်ခဲ့တာကြောင့် သော်လဲထကို ဗုံးကြဲခဲ့ရသလို ပုံဖော်ဝါဒဖြန့်နေတာ တွေ့ရပါတယ်။

# စိစစ်ချက်
မင်းမြတ်သူရဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်က “သော်လဲထရွာမှာ ဗမာ ဆရာဝန်မ ၈ယောက်နဲ့ ကျန် ၁၂ယောက် ကို KNU တပ်ဖွဲ့က အဝတ်ဗလာဖြင့် ဝိုင်းဝန်းမုဒိမ်းကျင့်ပြီး ဝါးဆစ်ပိတ်နဲ့ရိုက်သတ်လိုက်ကြောင်း” ဆိုတဲ့ စာသားနဲ့ ပုံနှစ်ပုံတွဲတင်ပြီး ဖော်ပြထားတာပါ။

အဲဒီပုံတွေကို Google Image Search Tool နဲ့ အွန်လိုင်းကနေရှာဖွေစစ်ဆေးကြည့်တဲ့အခါမှာ ထိုင်းသတင်းဌာန The Nation Thailand က နိုဝင်ဘာ(၃)ရက်နေ့မှာ တင်ထားတဲ့ ပုံတွေ ကူးယူဖော်ပြခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

The Nation Thailand ရဲ့ သတင်းအကြောင်းအရာက ကေအဲန်ယူဘက်က သော်လဲထ တဖက်ကမ်း၊ မယ့်စန်လက်ရွာအုပ်ချူပ်ရေးမှူးကို သတိပေးချက်အရ သံလွင်ကမ်းနားတစ်လျှောက်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်တာကြောင့် ဒေသခံတွေ သတိထားကြဖို့ ပြောထားတာပါ။

The Nation Thailand သတင်းလင့်ခ် – https://shorturl.at/wISSi

ဒါပေမဲ့ အဲဒီသတင်းထဲမှာ သော်လဲထမှာ အမျိုးသမီးတွေ မုဒိမ်းကျင့်ပြီးသတ်ဖြတ်ခံရတယ် ဆိုတာမျိုး၊ ကေအဲန်ယူက အခြားရာဇဝတ်မှု ကျုးလွန်ပါတယ်ဆိုတာမျိုးတော့ ဖော်ပြမထားပါဘူး။

ဒါ့အပြင် အဲဒီရက်ပိုင်းက ကေအဲန်ယူက မုဒိမ်းမှု၊ လူသတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ ရေးသားချက်ကို စိစစ်ဖို့ Google Advanced Search အသုံးပြုပြီး “သော်လဲထ” “KNU မုဒိမ်းမှု လူသတ်မှု” စတဲ့ စကားစုတွေနဲ့ ရှာဖွေစစ်ဆေးကြည့်ခဲ့ပါတယ်။

အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းရက်တွေမှာ သော်ထဲထမှာ စစ်တပ်ဗုံးလာကြဲတဲ့ သတင်းတွေ၊ ထိုင်းပိုင်နက်ထဲ ထိခိုက်မှုရှိလို့ ထိုင်းကစစ်တပ်ကို ခေါ်ယူသတိပေးတဲ့သတင်းတွေနဲ့ ကေအဲန်ယူနဲ့ စစ်အုပ်စုနဲ့က တုံ့ပြန်ငြင်းဆိုတဲ့ သတင်းတွေကိုပဲ လုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေကြတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Myanmar Now ရဲ့ နိုဝင်ဘာ(၅)ရက်နေ့က သတင်းတစ်ပုဒ်မှာ ထိုင်းဘက်ကျည်ကျလို့ စစ်တပ်နှင့် KNU အပြန်အလှန်အပြစ်တင် တာကို အစပြုပြီး ဖော်ပြပါအခြေအနေတွေကို ရှင်းပြထားပါတယ်။

Myanmar Now – https://shorturl.at/wmFPe
KIC အနေနဲ့လည်း အဲဒီအကြောင်းအရာကို နိုဝင်ဘာ(၂)ရက်နေ့က သတင်းအဖြစ်ဖော်ပြခဲ့ပါတယ်။
KIC- https://shorturl.at/Grf3i

ဒါတင်မက သော်လဲထမှာ ကေအဲန်ယူဟာ ရာဇဝတ်မှုကျူးလွန်ခဲ့တာမျိုး ရှိမရှိ အဲဒီနယ်စပ်မှာ နေထိုင်တဲ့ ထိုင်း-ကရင်နယ်ခြားစောင့်ကော်မတီက တာဝန်ရှိသူတစ်ယောက်ကို မေးကြည့်တဲ့အခါမှာ
“အဲဒီကိစ္စက ကျနော်ကြားတောင်မကြားဖူးဘူး။ KNLA က တော့ ဒီလိုအလုပ်တွေလုပ်မှာမဟုတ်ဘူး သူတို့အနေနဲ့ ချမှတ်ထားတဲ့လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာတယ်။ စစ်ဘက်ဆိုင်ရာမှာဆိုရင်လည်း ညစ်ညမ်းတဲ့အရာတွေ တပ်ပိုင်းဆိုင်ရာမှာချမှတ်ထားတဲ့စည်းမျဥ်းတွေကို ဖောက်ဖျက်မှာမဟုတ်ဘူးနော်” လို့ သူက သီးသန့် ကေအိုင်စီကို ဖြေကြားပါတယ်။

#သုံးသပ်ချက်
စစ်အုပ်စုက နယ်စပ်ကုန်သွယ်ရေးကိုအကြောင်းပြပြီး သော်လဲထဘက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ထိုင်းဘက်ကိုပါ သက်ရောက်မှုပြင်းထန်ခဲ့ပါတယ်။

တဖက်ကကြည့်ရင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူ့အသက်အိုးအိမ်၊ လေယာဥ်ဗုံးကြဲလို့ ထိခိုက်နစ်နာမှုရှိတဲ့အပေါ်မှာ ကေအဲန်ယူကကျုးလွန်ကြောင်း သက်သေမပြနိုင်တဲ့ ရာဇဝတ်မှုဖန်တီးပြီး စစ်တပ်က အကြောင်းပြတာလို့ သုံးသပ်ရနိုင်ပါတယ်။

စာဖတ်သူတွေအနေနဲ့လည်း သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ Dawei Watch နဲ့ KIC သတင်းဌာနတွေ ရဲ့ မက်ဆင်ဂျာကနေ တစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web- https://myanmarfactcheckingnetwork.org/
Fb- https://www.facebook.com/myanmarfactcheckingnetwork