Home သတင်း KNLA တပ်မဟာ(၉) ဖွဲ့စည်းပြီးကြောင်း အတည်ပြု

KNLA တပ်မဟာ(၉) ဖွဲ့စည်းပြီးကြောင်း အတည်ပြု

6
Photo: KNU

နိုဝင်ဘာ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၉)ကို တပ်ရင်း(၄)ရင်းဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက အတည်ပြုပြောသည်။

မူလက ခရိုင်(၇)ခု တပ်မဟာ(၇)ခုဖြင့် ဖွဲ့စည်းထားသည့် KNU/KNLA အား တပ်မဟာ(၆) တပ်ရင်း(၂၇)၏တပ်ရင်းမှူး ဗိုလ်မှူးကြီး ရန်နိုင် (ခ) စောနယ်ဒါးထူးက တပ်မဟာ(၉)၏ တပ်မဟာမှူးအဖြစ်တာဝန်ယူကာ တပ်မဟာ(၆)နှင့်(၄)အစပ်ဒေသများကို နယ်နမိတ်သတ်မှတ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နံပါတ် (၈)ကို မလိုချင်လို့ တပ်မဟာ(၉)ကို အရင်ဖွဲ့လိုက်တာပါ။ အခြားကိစ္စတော့ မရှိဘူး။ တပ်မဟာ(၉) တပ်မဟာမှူး ကတော့ ဗိုလ်ရန်နိုင် သူ့ရဲ့ ဗျူဟာမှူးကတော့ သူးခို့မူးဂေပေါ့။ တည်နေရာက တပ်မဟာ (၄) ဘက်မှာ မေတ္တာမြို့ဘက်တွေကနေ ထားဝယ်ဘက်ပိုင်း တွေ အကုန်ပါတယ်။ တပ်မဟာ(၆) ဘက်မှာတော့ ဘုရားသုံးဆူကနေ သံဖြူဇရပ်ဘက် ဆင်းသွားတဲ့ ဖြစ်မှာပါ” ဟု ဗိုလ်မှူးချုပ် စောရှီးလေက ပြောသည်။

KNLA တပ်မဟာ(၄)ကို လက်ရှိတွင် တပ်ရင်း (၂၇) (၁၀) (၁၂) နှင့် KNDO တပ်ရင်း (၈)တို့ဖြင့် ဖွဲ့စည်းထားပြီး တပ်ရင်း(၂၇) ၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ဗျူဟာမှူးအဖြစ် တာဝန်ယူထားသည်။ အုပ်ချုပ်ရေးဘက်တွင်လည်း ခရိုင်အနေဖြင့် နောက်ပိုင်းတွင် ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း ထိပ်ပိုင်းခေါင်းဆောင်များထံမှ သိရသည်။

Photo: KNU

စောရှီးလေက ဆက်လက်၍ “ကျနော်တို့ရဲ့ ဦးတည်ချက် ရည်မှန်းချက်အပေါ် မှာ လုပ်ဆောင်ရမှာ ဆိုတော့ ဘယ်လောက်စိန်ခေါ်မှုရှိရှိ ဖြတ်ကျော်ရမှာပဲ။ တပ်မဟာ မဖွဲ့စည်းလည်း အဲဒီနေရာမှာက ကျနော်တို့ရဲ့ တိုက်ပွဲဧရိယာဖြစ်နေတာဆိုတော့ ရန်သူ့ဘက်ကတော့ တိုက်မှာပဲ။ တပ်မဟာ ဖွဲ့စည်းရင်းနဲ့ တိုက်ရတာပါ” ဟု ဖြည့်စွက်ပြောသည်။

ကေအဲန်ယူတွင် သထုံ(ဒူးသထူ)ခရိုင်၊ တောအူး(တောင်ငူ)ခရိုင်၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မြိတ်-ထားဝယ်ခရိုင်၊ မူတရော်(ဖာပွန်)ခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဖားအံခရိုင်တို့ရှိပြီး KNLA က ထိုခရိုင်(၇)ခုစီကို တပ်မဟာ(၁)ခုစီဖြင့် ချိတ်ဆက်ထားသည်။

လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် KNLA နှင့် KNDO တပ်ဖွဲ့နှစ်ခုရှိ၍ ကေအဲန်ယူ၏ နိုင်ငံရေးခေါင်းဆောင်မှုအောက်တွင် စစ်ရေးလှုပ်ရှားမှုများ ပူးပေါင်းလုပ်ဆောင်ကြသည်။

လက်ရှိ KNLA ၏ စစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ဆက်လက်ထမ်းဆောင်နေပြီး ယခင် တပ်မဟာ (၃) တပ်မဟာမှူး ဗိုလ်ချုပ်ကြီး စောလေးတရော်က ဒုတိယစစ်ဦးစီးချုပ်အဖြစ် တာဝန်ယူကွပ်ကဲလျက်ရှိသည်။