Home သတင်း ICJ ၏ ရိုဟင်ဂျာအမှု အပြီးသတ်ဆုံးဖြတ်ချက် အရပ်ဖက်အဖွဲ့များ ကြိုဆို

ICJ ၏ ရိုဟင်ဂျာအမှု အပြီးသတ်ဆုံးဖြတ်ချက် အရပ်ဖက်အဖွဲ့များ ကြိုဆို

6
Photo: Reuters

နိုဝင်ဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာသည် ရိုဟင်ဂျာများကို လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာတရားရုံး(ICJ) က ယနေ့၊ နိုဝင်ဘာ (၁၉)ရက်တွင် အပြီးသတ်စီရင်ချက် ချမှတ်လိုက်သည့်အပေါ် လက်ခံကြိုဆိုကြောင်း ပြည်တွင်းပြည်ပ ကရင်လူမှုအဖွဲ့အစည်းများအပါအဝင် အရပ်ဖက်အဖွဲ့(၂၁၉)ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

နယ်မြေရှင်းလင်းရေးဟုဆိုကာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ရွာများကို မီးရှို့ဖျက်ဆီးမှု၊ ကလေးငယ်နှင့် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ဂမ်ဘီယာနိုင်ငံက မြန်မာကို ICJ တွင် စွဲချက်တင်ထားခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏အမြင့်ဆုံးတရားရုံး ICJ က အဆိုပါအမှုကို အသက်ရှင်ကျန်ရစ်သူများ ဆယ်စုနှစ်ကြာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းနှင့် သက်သေအချက်အလက်များအရ မြန်မာက အမှုကျူးလွန်ခဲ့ကြောင်း ယနေ့၊ အပြီးသတ်စီရင်ချက်ချမှတ်လိုက်ပြီး အရပ်ဖက်အဖွဲ့များအနေဖြင့် ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စီရင်ချက်အတိုင်း နစ်နာကြေးများ ပေးရန်၊ အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရေး အာခံချက်ပေးရန်၊ ရိုဟင်ဂျာများကို လူမျိုးတစ်မျိုးအဖြစ် အသိမှတ်ပြုပြီး နိုင်ငံသားအခွင့်အရေးနှင့် နေရပ်ပြန်ခွင့်ပေးရန် အပါအဝင် အမှုကျူးလွန်သူ စစ်ခေါင်းဆောင်များကို တာဝန်ယူ၊ တာဝန်ခံမှုရှိလာစေရန် ဆက်လက်ဆောင်ရွက်ပေးကြရေး နိုင်ငံတကာကို ဆက်၍တောင်းဆိုထားသည်။

Photo: Reuters

အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် နစ်နာသူရိုဟင်ဂျာများနှင့် အသက်ရှင်ကျန်သူများ ဘက်မှရပ်တည်သလို နိုင်ငံတကာအသိုက်အဝန်းမှလည်း ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ ဆယ်စုနှစ်များစွာ ရက်စက်မှုများကို အဆုံးသတ်နိုင်ရေး ပံ့ပိုးကူညီပေးရန် ဖြည့်စွက်အဆိုပြုသွားသည်။

ထို့အပြင် ICJ သည် မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန် ဥပဒေပြဋ္ဌာန်းရမည်ဖြစ်ကြောင်း စီရင်ချက် ထည့်သွင်း ချမှတ်ခဲ့သည်။

ရိုဟင်ဂျာအမှုတွင်မူ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး ကာလအတွင်း စုစုပေါင်း ရိုဟင်ဂျာ (၁၀,၀၀၀) ခန့် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်းလည်း ICJ ကရရှိထားသည့် အထောက်အထားများအရ သိရသည်။

ထုတ်ပြန်ချက်အား ကရင်အဖွဲ့အစည်းများအနက် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN, ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG, ကရင်အမျိုးသမီးအစည်းအရုံး-KWO နှင့် ကနေဒါရောက်ကရင်အဖွဲ့အစည်း-KCC တို့အပြင် အခြား အမျိုးသမီးနှင့်လူငယ်အဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများ စသည်ဖြင့် အမည်မဖော်လိုသူ(၃၂)ဖွဲ့ အပါအဝင် စုစုပေါင်း (၂၁၉)ဖွဲ့ က ပါဝင်လက်မှတ်ရေးထိုးထားကြခြင်း ဖြစ်သည်။