Home သတင်း DKBA စစ်ဦးစီးချုပ် စောရွှေဝနှင့် တပ်မှူး စောအေဝမ်းတို့ကို အမေရိကန် ပိတ်ဆို့အရေးယူ

DKBA စစ်ဦးစီးချုပ် စောရွှေဝနှင့် တပ်မှူး စောအေဝမ်းတို့ကို အမေရိကန် ပိတ်ဆို့အရေးယူ

6

နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်အပါအဝင် အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်း များကို အကာအကွယ်ပေးမှုဖြင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝနှင့် တပ်မှူး ဗိုလ်မှူးချုပ် စောအေဝမ်းတို့ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း သိရသည်။

အွန်လိုင်းငွေလိမ်လည်မှု စင်တာများ လည်ပတ်နိုင်ရန် လုံခြုံရေးယူပေးခြင်း၊ လူကုန်ကူးခံရသူများအား အတင်းအကျပ် အလုပ်ခိုင်းစေခြင်းနှင့် အကြမ်းဖက်နှိပ်စက်မှုများ ကျူးလွန်ခြင်းတို့ကြောင့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝနှင့် ဒေါနအနောက်ခြမ်း အမှတ် (၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောအေဝမ်းတို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန (OFAC) အနေဖြင့်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဥရောပသမဂ္ဂ (EU) ၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းဝင် DKBA ခေါင်းဆောင်များ ဖြစ်သည့် စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နှင့် စိုင်းကျော်လှတို့ ၄ ဦးကို အမေရိကန်နိုင်ငံ သားများအား ပစ်မှတ်ထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ယခုအခါ နောက်ထပ်ခေါင်းဆောင်နှစ်ဦးကို ထပ်တိုးအရေးယူလိုက်ခြင်း ဖြစ်သည်။

အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ် စောအေဝမ်းက “ကျနော်တို့မှာက ဘာမှကိုမရှိတာ၊ ထိုင်းမှာလည်း ပိုင်ဆိုင်မှုမရှိဘူး။ ကုမ္ပဏီလည်း မရှိဘူး။ ထောင်ချီတဲ့ ငွေကြေးလည်း မရှိပါဘူး။ ရဲဘော်တွေနဲ့ ရော်ဘာခြံလုပ်တယ်၊ ပီလောပီနံ စိုက်ပျိုးတယ် ဒါတွေပဲရှိဆိုတော့ ပိတ်ဆို့အရေးယူလည်း ကျနော်တို့ မတတ်နိုင်ဘူးပေါ့လေ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရဲဘော်များကို ထောက်ပံ့နိုင်ရန် ကာစီနိုလုပ်ငန်းနှင့် ကာရာအိုကေ လုပ်ငန်းများကိုသာ ဖွင့်လှစ်ထားပြီး ဝင်ရောက်လာသော နိုင်ငံခြား သားများကိုလည်း တင်းကျပ်စွာ ကိုင်တွယ်လုပ်ဆောင်နေကြောင်း ဗိုလ်မှူးချုပ် စောအေဝမ်းက ဆက်ပြောသည်။

သို့သော် အမေရိကန်အစိုးရဘက်မှ ယခုလို အရေးယူပိတ်ဆို့မှုများ ဆက်တိုက်လုပ် ဆောင်နေသော်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ၏ အကျိုးစီးပွား ပါဝင်ပတ်သက်နေမှုနှင့် အချင်းချင်းကြား ပူးပေါင်းကိုင်တွယ်နိုင်မှု အားနည်းခြင်းတို့ကြောင့် ကျားဖြန့်လုပ်ငန်းများ ပပျောက်သွားရန် ခက်ခဲနေဆဲဖြစ်ကြောင်း နယ်စပ်အရေး စောင့်ကြည့်နေသူ စောသူးဘီးက ကေအိုင်စီသို့ သုံးသပ်ပြောဆိုသည်။

“ဒီ Scam ကိစ္စက မပျောက်ကွယ်သွားနိုင်ဘူးလို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေက အတူတကွ လက်တွဲပြီး ဒီကိစ္စကို သေချာကိုင်တွယ်ဖို့ မလုပ်ကြဘူး။ DKBA နဲ့ BGF က Scam တွေကို သူတို့နယ်မြေထဲမှာ လုပ်ဆောင်ခွင့် ပေးထားတယ်။ အဓိကက ဒီလုပ်ငန်းကနေ သူတို့ အကျိုးအမြတ်ရတယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အနေဖြင့်လည်း ကရင်လက်နက်ကိုင် အချင်းချင်းကြား ပဋိပက္ခဖြစ်ပွားမည်ကို မလိုလားသဖြင့် ယင်းပြဿနာကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရန် အဟန့်အတား ဖြစ်နေဟန်ရှိကြောင်းနှင့် ပြည်တွင်းပြည်ပရှိ ကရင်ခေါင်း ဆောင်များနှင့် ပြည်သူလူထုများပါ တက်ကြွစွာ ပူးပေါင်းပါဝင် လုပ်ဆောင်ရန် လိုအပ်ကြောင်း စောသူးဘီးက ဖြည့်စွက်ပြောဆိုသည်။

ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးကလည်း “ထိုက်ချန်ကို ဆုငွေထုတ်တော့ KK Park ပျက်ပြီး ကျောက်ခက်ဘက်၊ သစ်ကတေဘက် ရောက်ကုန်တယ်။ နောက်တော့ DKBA၊ BGF၊ KNA ရဲ့ နေရာသစ်ဆောက်ပြီး ကျားဖြန့်ဆက်လုပ်နေတဲ့ ဘက်တွေဆီ ပြောင်းကုန်တယ်။ အခု တရုတ်ဆိုက် အသစ်တွေက အကြီးအသေးပေါင်းရင် ၂၀ ဝန်းကျင်လောက် ရှိမယ်။ သုံးဆူဘက်၊ ထီးခိုင်ဘက်၊ စုကလိဘက်တွေအထိ ဆောက်နေကြတာ” ဟု ပြောသည်။

အမေရိကန်အစိုးရ၏ ခန့်မှန်းချက်အရ အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ၁၈.၂ ဘီလီယံအထိ ဆုံးရှုံးနစ် နာခဲ့ရကြောင်း သိရသည်။ ယင်းအတွက် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ငွေလိမ်လုပ်ငန်းများကို ပိတ်သိမ်းရန်၊ ဦးဆောင်သူနှင့် အကာအကွယ်ပေးသူများကို အရေးယူရန်နှင့် လူကုန်ကူးခံရသူများကို ရှာဖွေကယ်တင်ပေးရန် အမေရိကန်က တိုက်တွန်းထားသည်။

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ရှိ “ထိုက်ချန်” အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်၍ သတင်းပေးပို့နိုင်သူကို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများဆိုင်ရာ ဆုငွေချီးမြှင့်ခြင်း အစီအစဉ် (TOCRP) အောက်မှ ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် ကြေညာခဲ့ပြီး ယခု နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထပ်မံနှိုးဆော်ခြင်း ရှိခဲ့သည်။

မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနှင့် အရှေ့တောင်အာရှနိုင်ငံများရှိ ငွေလိမ်ဂိုဏ်းခေါင်း ဆောင်များကို စစ်ဆေးတရားစွဲဆိုနိုင်ရန် အမေရိကန်အနေဖြင့် တရားရေးနှင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့များပူးပေါင်းထားသည့် အွန်လိုင်းလိမ်လည်မှုစင်တာများ တိုက်ဖျက်ရေး အထူးအဖွဲ့ (Scam Center Strike Force – SCSF) ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

အမေရိကန်အစိုးရ၏ နိုဘာလ ၁၉ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း ကမ္ဘောဒီးယားနိုင်ငံရှိ ငွေလိမ်ရာဇဝတ်ဂိုဏ်း ကွန်ရက်နှင့် ဆက်နွှယ်နေသော ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးနှင့် ၎င်းနှင့် ဆက်စပ်သည့် ကုမ္ပဏီနှစ်ခုကိုလည်း အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ထားကြောင်း ဖော်ပြထားသည်။

ထို့အတူ ၂၀၂၅ ခုနှစ်နောက်ပိုင်းမှစ၍ အရှေ့တောင်အာရှ အွန်လိုင်းငွေလိမ်လည်လုပ်ငန်းများ အမြစ်ပြတ် ချေမှုန်းရေးနှင့်ပတ်သက်၍ SCSF က အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်လာသည်။ အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကလည်း ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုကြောင့် ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ စောမင်းမင်းဦးနှင့် ဗိုလ်မှူး စောတင်ဝင်း (လက်ရှိ KNA ခေါင်းဆောင်များ) အပါအဝင် BGF ပိုင်ဆိုင်သည့် လုပ်ငန်းများကို OFAC က အရေးယူပိတ်ဆို့မှု လုပ်ဆောင်ခဲ့သေးသည်။