Home သတင်း ရေးချောင်းဖျား‌ဒေသ ဗုံးကြဲတိုက်ခိုက်ခံရမှု စစ်ရာဇတ်မှုအဖြစ် NRFF ထောက်ပြ

ရေးချောင်းဖျား‌ဒေသ ဗုံးကြဲတိုက်ခိုက်ခံရမှု စစ်ရာဇတ်မှုအဖြစ် NRFF ထောက်ပြ

223
Photo: CJ

နိုဝင်ဘာ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသသို့ စစ်အုပ်စုက နှစ်ရက်ဆက်တိုက် လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများပြားခဲ့သည့်ဖြစ်စဥ်သည် စစ်ရာဇဝတ်မှုမြောက်ကြောင်း ရာမညဖက်ဒရယ် အင်အားစုသစ် (NRFF) က နိုဝင်ဘာ (၁၆) ရက်ထုတ်ပြန်ချက်အတွင်း ထောက်ပြပြောဆိုသည်။

နိုဝင်ဘာ(၁၅)ရက်နှင့် (၁၆)ရက်တွင် အများပြည်သူနေထိုင်သည့် ကျေးရွာထဲသို့ စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်ဖြင့် ဗုံးအများအပြား ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးအပါအဝင် (၅) ဦး သေဆုံးပြီး (၃၀) ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

စစ်ရေးပစ်မှတ်မဟုတ်သော်လည်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သောကြောင့် စစ်အုပ်စု၏လုပ်ရပ်မှာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်သလို စစ်ရာဇဝတ်မှုကျူးလွန်ခြင်းလည်း ဖြစ်သည်ဟု NRFF က ထောက်ပြဝေဖန်သည်။

ရေးချောင်းဖျားဒေသ၊ ဖလံရွာနှင့်ချဲတိုက်ရွာတို့ကို ဗုံးကြဲခဲ့သည့်ဖြစ်စဥ်အတွင်း အရပ်သားနေအိမ် (၁၁) လုံးအပါအဝင် ဆေးပေးခန်းအဆောက်အအုံ တစ်ခု ပျက်စီးသွားကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။ လက်ရှိတွင်လည်း လေကြောင်းသတိပေးချက်ရှိနေ၍ ဒေသခံများမှာ နေအိမ်တွင်မနေရဲဘဲ ရှောင်တိမ်းနေရသည်ဟု ဒေသခံများထံမှ သိရသည်။

ရေးချောင်းဖျားနေ ဒေသခံတစ်ဦးက “လေယာဉ်ထပ်လာကြဲဖို့ရှိတယ်လို့ သူများသတိပေးထားတယ်။ ပြီးတော့ သူ့လေယာဉ်ကလည်း ရွာအလယ် တည့်တည့်ကြဲချထားတော့ ဘယ်သူမှ ရွာထဲမနေရဲကြဘူး။ ရေးချောင်းဖျားတခွင်လုံး ပြေးကုန်ကြပြီ” ဟု ကေအိုင်စီကို ပြောသည်။

ထို့အတူ NRFF သည် စစ်အုပ်စုနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်-NCA အရ ဆက်ဆံရေးရှိနေသည့် မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေတွင် ထိုစစ်ရာဇဝတ်မှု ဖြစ်ပေါ်ခဲ့ခြင်းအပေါ် ပါတီအနေဖြင့် အရေးယူတုံ့ပြန်မှု မဖြစ်မနေ ပြသရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။

နယ်မြေထဲတွင် ယခုတစ်ခေါက်အပါအဝင် အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းသည် NCA ကတိကဝတ်ကို ချိုးဖောက်ရာရောက်သလို NMSP အနေဖြင့် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲထားခြင်း၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းများကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

အာဏာသိမ်းပြီးကတည်းက မွန်ဒေသအပါအဝင် တစ်နိုင်ငံလုံးတွင် ကျူးလွန်နေသည့်စစ်ရာဇဝတ်မှုများ အတွက် စစ်အုပ်စုက တာဝန်ခံရမည်ဖြစ်ပြီး နိုင်ငံတကာအနေဖြင့် စစ်အုပ်စုထံ လေယာဉ်ဆီနှင့် စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချမှုကို ချက်ချင်းရပ်တန့်ရန်၊ အရေးယူပိတ်ဆို့မှုများ ဆက်လက်တိုးမြှင့်ရန် ထုတ်ပြန်ချက်ထဲတွင် NRFF က တဆက်တည်း တောင်းဆိုသွားသည်။