Home သတင်း သရက်ချောင်းတွင် စစ်အုပ်စု လက်နက်ကြီးပစ်၍ ဘုရားကျောင်း ပျက်စီး

သရက်ချောင်းတွင် စစ်အုပ်စု လက်နက်ကြီးပစ်၍ ဘုရားကျောင်း ပျက်စီး

37
Photo: KNU

အောက်တိုဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း) မြို့နယ်၊ လှဘော ကျေးရွာအုပ်စု၊ တာလေးခို(ဘုရင့်တောင်) ကျေးရွာအတွင်းသို့ အောက်တိုဘာလ (၁၄) ရက်နေ့က စစ်အုပ်စုလက်နက်ကြီးပစ်ခတ်သဖြင့် ရွာထဲရှိ ခရစ်ယာန်သာသနာပိုင် ခန်းမဆောင်(၁)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအန်ယူက ယနေ့၊ အောက်တိုဘာ(၁၅)ရက်တွင် ထုတ်ပြန်သည်။

စစ်အုပ်စု၏ အမြှောက်တပ် အမတ-၃၀၉ တပ်ရင်းမှ ပြည်သူလူထုနေထိုင်ရာ‌ ကျေးရွာထဲသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများ ရွာထဲမှရှောင်တိမ်းနေချိန်ဖြစ်သောကြောင့် ထိခိုက်မှုမရှိသော်လည်း ရွာရှိအဆိုပါ ဘာသာရေးအဆောက်အအုံမှာ လက်နက်ကြီးထိပြီးပျက်စီးမှုရှိခဲ့သည်ဟု ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်က ဖော်ပြသည်။

ရေဘေးနှင့်မြေပြိုမှုကိုတွေ့ကြုံခဲ့ရသည့် ထားဝယ်ဒေသအတွင်း ပြန်လည်ထူထောင်ရေးအင်အား မလုံလောက်သည့်အခြေအနေ၌ အကူအညီပေးရန်အကြောင်းပြကာ စစ်အုပ်စုက သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာခြင်းဖြစ်သည်ဟုလည်း လူ့အခွင့်အရေးအခြေအနေကို မှတ်တမ်းတင်နေသည့် FE5 တနင်္သာရီ သုတေသနအဖွဲ့က ဆိုသည်။

Photo: KNU

“ရေကြီးလို့ လမ်း၊ တံတားတွေ ပျက်သွားတာတွေရှိတယ်။ အဲဒါကိုပြုပြင်မယ်ဆိုပြီးတော့ သူတို့တွေ(စစ်အုပ်စု)က သရက်ချောင်းဖက်ကနေဆင်းတာ။ လမ်းတံတားပြင်တဲ့ ယန္တရားတွေနဲ့လာတယ်။ အဲဒီမှာသူတို့စစ်ကြောင်းတွေလည်း ရောပါနေတာပေါ့နော်” ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

ထားဝယ်ဒေသ သတင်းအရင်းအမြစ်များ ဖော်ပြချက်အရ အောက်တိုဘာ (၁၀) ရက်နေ့နှင့် (၁၂) ရက်နေ့တို့တွင် မြိတ်-ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ဘုရင့်တောင်ကျေးရွာတွင် အခြေချနေသည့်စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အတူ အဆိုပါတိုက်ပွဲရက်တွင် အနီးအနားရှိကျေးရွာများကို စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို သရက်ချောင်းအောက်ဘက် ဝင်းဝရွာဘက်သို့ပါ စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများက ဆိုသည်။