အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြို့နယ်၊ မကျည်းကုန်းရွာအနီး စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ(၂၈၅) တပ်စွဲထားသော ကာကင်းစခန်းကို ယနေ့၊ အောက်တိုဘာ (၁၂)ရက်နေ့ မနက်ပိုင်းက တပ်မဟာ(၄) KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၀)ဦးခန့် သေဆုံးသွားကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။
ယနေ့၊ မနက် (၇) နာရီဝန်းကျင်တွင် စစ်အုပ်စု အဆိုပါစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA အထူးတပ်ဖွဲ့၊ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း တပ်ခွဲ(၂) တို့မှ တပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်က (၁၀)ဦး သေဆုံး၍ (၅)ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
မူလက မကျည်းကုန်းရွာစခန်းတွင် စုစုပေါင်းတပ်ဖွဲ့ဝင်အင်အား (၂၅) ဦးခန့် ရှိနေခြင်းဖြစ်ပြီး KNLA ပူးပေါင်းတပ်၏တိုက်ခိုက်မှုအတွင်း ကျန်(၁၀)ဦးခန့်မှာ စခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည်။
ထို့နောက် စစ်အုပ်စု၏ လက်နက်ငယ်(၄)လက်နှင့်ခဲယမ်းများအပါအဝင် လက်နက်ကြီး (၁)လက်ကို KNLA ဘက်က သိမ်းဆည်းရမိခဲ့ပြီး စခန်းသိမ်းပြီး နာရီဝက်အကြာ (၇)နာရီ မိနစ်(၃၀)တွင် ထိုစခန်းမှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းလည်း သိရသည်။
ကေအဲန်ယူ တပ်မဟာ(၄) နယ်မြေအတွင်း ယခု ၂၀၂၆ ခုနှစ်ထဲ ဆက်လက်၍ စစ်အုပ်စုစစ်ကြောင်းထိုးမှုများ ဖြစ်ပေါ်နေပြီး KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့်စစ်အုပ်စုတို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ခြင်းရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့်မတ်လတွင်လည်း ပုလောမြို့နယ်ထဲရှိ တောင်ခေါင်းလောင်းရွာ၊ တောင်ယာကမ်းကျေးရွာ စစ်အုပ်စုစခန်းများကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိခဲ့သေးကြောင်း တပ်မဟာ(၄) အထူးတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။


















