အောက်တိုဘာ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မြောက်ပိုင်း၊ နမ့်တွန်ချောင်းအနီးရှိ မိုင်းကိုးကျေးရွာအုပ်စုတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကလုံခြုံရေးယူပေးထားသည့် ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကြီးကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) က တွေ့ရှိခဲ့ကြောင်း ယမန်နေ့၊ အောက်တိုဘာ(၂၁)ရက် အစီအရင်ခံစာထုတ်ဖော်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ်မှစတင်ပေါ်ပေါက်လာသည့် တရုတ်နိုင်ငံသားများပိုင် စိန်နော်သတ္တုတူးဖော်ရေးကုမ္ပဏီ၏ ကျယ်ကျယ်ပြန့်ပြန့် သတ္တုတူးဖော်မှုများနှင့် အနီးရှိ မဂ္ဂနီစ့်သတ္တုတွင်းများကြောင့် ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးကို များစွာဆိုးကျိုးဖြစ်စေကြောင်း SHRF က ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
UWSA သည် ထိုသတ္တုတူးဖော်မှုလုပ်ကိုင်ရန် ပြည်တွင်းကုမ္ပဏီ အမည်ခံမှတ်ပုံတင်ပေးခြင်းနှင့် လုံခြုံရေးယူပေးခြင်းသာမက တာချီလိတ်မှ ထိုင်းနိုင်ငံဘက်သို့ သတ္တုခဲရိုင်းများ တင်ပို့ရာတွင် သိုလှောင်ထားရန်ပံ့ပိုးကူညီခြင်းရှိသည်ဟု ဒေသခံများပြောပြချက်အရ အစီရင်ခံစာတွင် ဖော်ပြသည်။
ထို့အပြင် ၂၀၀၇ ခုနှစ်ကတည်းက မဂ္ဂနီစ့်သတ္တုများကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်နယ်စပ်မှတဆင့် တရုတ်သို့ ပို့ဆောင်နေခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် မဂ္ဂနီစ့်သတ္တုသာမက စိန်နော်ကုမ္ပဏီလုပ်ကွက်ရထားသည့် ခဲရိုင်းများကိုပါ တံတား(၂)မှတဆင့် ကုန်ကားကြီးများဖြင့် ထိုင်းဘက်တင်ပို့လျက်ရှိကြောင်း သိရသည်။
နမ့်တွန်ချောင်းအပါအဝင် နမ့်ဟုတ်မြစ်လက်တက်များကို ညစ်ညမ်းစေသည့် အဆိုပါသတ္တုတူးဖော်ရေး လုပ်ငန်းများကြောင့် ဒေသနေ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ပျက်ကျမှုများလားခြင်း၊ ကလေးမွေးဖွားပြီး ချို့ယွင်းချက်ပါလာခြင်းမှ ဒေသခံများ၏ရေရှည်ကျန်းမာရေး ထိခိုက်စေသည်အထိ ဖြစ်ပေါ်စေသည်ဟု SHRF က ဆိုသည်။
သတ္တုတွင်းမှ အဆိပ်သင့်စွန့်ပစ်ရေများကြောင့် မြစ်ချောင်းအတွင်းရှိ ရေနေသတ္တဝါများ မျိုးတုံးသေဆုံးလျက်ရှိသလို ချောင်းရေသောက်သုံးရာမှ အိမ်မွေးတိရစ္ဆာန်များ သေဆုံးမှုများလာခြင်းတို့အပြင် သစ်တောနှင့်မြေဆီလွှာပျက်စီးပြီး လယ်ယာမဖြစ်ထွန်းခြင်း၊ သတ္တုတင်ကုန်ကားများကြောင့် ရွာလမ်းပျက်စီးခြင်းတို့ တွေ့ကြုံနေရကြောင်းလည်း အစီရင်ခံစာတွင် အသေးစိတ်မှတ်တမ်းတင်ထားသည်။

ယင်းစွန့်ပစ်ရေပြဿနာအပေါ် ဒေသခံများက သက်ဆိုင်ရာကိုတိုင်ကြားခဲ့ရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ(၂)ရက်နေ့တွင် ပြည်နယ်စစ်အုပ်စုအဖွဲ့က စိန်နော်သတ္တုလုပ်ကွက်နေရာသို့ လာရောက်စစ်ဆေးခဲ့ကြသော်လည်း ယနေ့အချိန်ထိ တရားဝင်ထုတ်ပြန်မှုမရှိသလို အရေးယူမှုလည်း မရှိသေးဟု SHRF က ဆိုသည်။
ထို့အတူ စိန်နော်ကုမ္ပဏီသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC)ထံမှ သဘာဝပတ်ဝန်းကျင် လိုက်နာမှုသက်သေခံလက်မှတ် (ECC) ရရှိထားသော်လည်း သတ်မှတ်ဧရိယာထက် ကျယ်ပြန့်စွာ သတ္တုတူးဖော်ခြင်း၊ မြေအောက်လှိုဏ်ဂူများတူးခြင်းနှင့် အများပြည်သူအသိ ထုတ်ပြန်ရန် ပျက်ကွက်နေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြသည်။
ထိုအထဲတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း လိုဏ်ခေါင်းပြိုကျမှုကြောင့် သတ္တုတွင်းလုပ်သား ၂၀ ခန့် သေဆုံးခဲ့သော်လည်း သတင်းဖုံးဖိထားသည့်ဖြစ်စဥ် ပါဝင်သည်ဟု ဒေသခံများက ဆိုသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လမှစ၍ မိုင်းကိုးသတ္တုတွင်းများမှ ထိုင်းနိုင်ငံသို့ လစဥ်နီးပါး ခဲသတ္တု တင်သွင်းမှုရှိခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တန်ချိန် ၄,၀၀၀ နီးပါး အများဆုံး စံချိန်တင်ရှိခဲ့ကြောင်း မယ်ဆိုင်အကောက်ခွန်စခန်း၏ အချက်အလက်များအရ သိရသည်။
အလားတူ မိုင်းကိုးဒေသတွင် လက်ရှိ စိန်နော်ကုမ္ပဏီအပြင် စိုင်းလော၀်ဟိန်း သတ္တုတူးဖော်ရေးနှင့် နွေဦးရနံ့ အမည်ရှိ ပင်မကုမ္ပဏီကြီးနှစ်ခုက မဂ္ဂနီးစ်သတ္တုတူးဖော်ရေးကို အဓိကလုပ်ကိုင်လျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ မေလမှစ၍ သတ္တုတူးဖော်မှုများ ပြန်လည်ပတ်နေကြကြောင်း SHRF က ဖော်ပြထားသည်။



















