Home သတင်း ရွှေကုက္ကိုလ်က ငွေလိမ်အဆောက်အဦး (၆၀) ကျော်ကို စစ်အုပ်စု ထပ်မံဖြိုချ

ရွှေကုက္ကိုလ်က ငွေလိမ်အဆောက်အဦး (၆၀) ကျော်ကို စစ်အုပ်စု ထပ်မံဖြိုချ

14
Photo: Myanmar Digital News

အောက်တိုဘာ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှင့် လောင်းကစားရုံများ လုပ်ကိုင်ရန် အသုံးပြုခဲ့သည်ဟုဆိုကာ အဆောက်အအုံ (၆၃) လုံးကို ယမန်နေ့၊ အောက်တိုဘာ(၇)ရက်နေ့မှ ယနေ့အထိ နှစ်ရက်ဆက်တိုက် စစ်အုပ်စုက ဖြိုချဖျက်ဆီးခဲ့ကြောင်း နယ်စပ်သတင်းအရင်းအမြစ်များမှ သိရသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့်မေလမှစတင်ကာ ရွှေကုက္ကိုလ်ဒေသရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် အဆောက်အအုံ စုစုပေါင်း (၁၄၀) လုံး တွေ့ရှိခဲ့ရာ ထိုအထဲမှကျန်ရှိသည့် အဆောက်အအုံ(၆၃)လုံးကို စက်ယန္တရားများအသုံးပြု ဖြိုဖျက်နေကြောင်း ၎င်းတို့ထိန်းချုပ်သော နိုင်ငံပိုင်မီဒီယာများမှ ဖော်ပြသွားခြင်းဖြစ်သည်။

ယင်းအနက် လူနေအိမ်များနှင့် နီးကပ်သည့် အဆောက်အအုံ (၃၄) လုံးကို လူအင်အားသုံး၍ အထပ်လိုက် ဖြိုဖျက်သွားမည်ဟု စစ်အုပ်စု က ဆိုသည်။

“အားလုံးပေါင်း ၆၃ လုံး ဖြိုတယ်။ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက်ဖြိုတယ်။ အဆောက်အဦး အကြီးရော၊ အသေးရော အားလုံးပါတယ်။ စစ်တပ်က ဝင်ဖြိုသွားတာ၊ ဒီမနက်ဆိုလည်း တစ်မနက်လုံး ပေါက်ကွဲသံတွေကြားနေရတယ်” ဟု ရွှေကုက္ကိုလ်ဒေသရှိ လက်နက်ကိုင်အဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောသည်။

Photo: Myanmar Digital News

မြဝတီမြို့ မြောက်ဘက်တွင် တည်ရှိသည့် ရွှေကုက္ကိုလ်ဒေသကို ကရင်နယ်ခြားစောင့်တပ် (BGF) မှ အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော် (KNA) က အဓိက ထိန်းချုပ်ထားပြီး နယ်မြေအတွင်း ငွေလိမ်အဆောက်အဦးများ ဖြိုချခဲ့မှုတွင် စစ်အုပ်စုနှင့် BGF/KNA တို့ တွဲဖက် လုပ်ဆောင်ခဲ့ခြင်းလည်းရှိသည်။

စစ်အုပ်စုသည် ထိုင်း-မြန်မာနယ်စပ်ရှိ ငွေလိမ်လုပ်ငန်းများအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ကိစ္စ နိုင်ငံတကာက ထောက်ပြပြောဆိုမှုများထွက်ပေါ်နေသည့်ကာလ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဖြင့်ကျော်ကြားသော KK Park ခြံဝင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး အဆောက်အအုံများကိုလည်း ဖြိုချဖျက်စီးပြခဲ့သေးသည်။

နယ်စပ်ကျားဖြန့်အရေး လေ့လာစောင့်ကြည့်သူများကမူ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်အုပ်စု အပါအဝင် အကျိုးတူပူးပေါင်းအဖွဲ့၏ အယောင်ပြလုပ်ရပ် သက်သက် ဖြစ်သည်ဟု ထိုစဉ်က ဝေဖန်သုံးသပ်ကြခြင်းရှိသည်။