Home သတင်း ဘုရားကုန်း ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ပဒိုအောင်ဆန်းကွယ်လွန်

ဘုရားကုန်း ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ပဒိုအောင်ဆန်းကွယ်လွန်

34
Photo: Social Media

အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အခြေစိုက် ဘုရားကုန်း ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ပဒိုအောင်ဆန်းသည် လူကြီးရောဂါဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက် ည ၇ နာရီတွင် ဘုရားကုန်းကျေးရွာရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်သွားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သည့်အသိုင်းအဝိုင်းများထံမှ သိရသည်။

ကွယ်လွန်ချိန်တွင် အသက် (၈၅) နှစ်ရှိပြီဖြစ်သော ပဒိုအောင်ဆန်းသည် တစ်ချိန်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတွင် သစ်တောဌာနမှူးနှင့် ဘဏ္ဍာထိန်းတာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်ပြီး KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ အယုံကြည်ရဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

သို့သော် ၁၉၉၈ ခုနှစ်၌ တပ်ဖွဲ့ဝင် (၂၈) ဦးနှင့်အတူ ကေအဲန်ယူမှ ခွဲထွက်ကာ နအဖအစိုးရထံ သွားရောက်ပူးပေါင်းခဲ့သည်။ ၎င်းခွဲထွက်စဉ်က KNU ၏ သစ်တောလုပ်ငန်းများနှင့် အကောက်ခွန် ဂိတ်များမှရရှိသော ဘဏ္ဍာငွေကြေးများကို ယူဆောင်သွားခဲ့သည်ဟု စွပ်စွဲခံရမှုများကြောင့် KNU အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်သည်။

ထို့နောက် နအဖ စစ်အစိုးရ ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရဖူးသည်။

၂၀၂၂ ခုနှစ်တွင်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းအား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့သေးသည်။

ပဒိုအောင်ဆန်း၏ ဈာပနအခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် ဖားအံမြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ဗေသလဘုရားကျောင်း၌ ခရစ်ယာန်ဘာသာဝင်တို့၏ ဓလေ့ထုံးတမ်းများနှင့်အညီ ပြုလုပ်သွားမည်ဟု မိသားစုဝင်များထံမှ သိရသည်။